ရန်ကုန် ၁၄   ဩဂုတ် 

 

ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိ်ုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေး၊ လူမှုကူညီရေး ဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရသူ ၂၆၀,ဝ၀ဝ အတွက် အမေရိကန်ဒေါ်လာ (၁) သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ(PPE)၊ နှာခေါင်းစည်းနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ သိရသည်။

 

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံလူသားချင်းစာနာမှုရံပုံငွေ၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် WFP၊ FAO ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ Community Partners International ၊ BRAC Myanmar နှင့် Health Poverty Action Myanmar တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁) သန်း ခန့်တန်ဖိုးရှိသည့် ဝတ်စုံပြည့် တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံများ၊ N95 နှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ၊ ပိုးမွှားသန့်စင်ရေး ပစ္စည်း အမျိုးမျိုးနှင့် ဒီဂျစ်တယ် အပူချိန်တိုင်း ကိရိယာများပါဝင်ကြောင်း သိရသည်။

 

ယင်းဆောင်ရွက်မှုကို    ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် ၄၂ မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး ဝန်ထမ်းများ နှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေကြရသူများအတွက် တစ်ကိုယ်ရည် ဗိုင်းရပ်ရောဂါပိုးမွှား ကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးရန်ရည်ရွယ်ကာ  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ အထောက်အကူပြု ပစ္စည်းများကို WFP အနေဖြင့်  ပြည်တွင်းမှ ဝယ်ယူကာ သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ပြီး ယင်းမြို့နယ် ၄၂ မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ဆေးရုံများ၊ အသွားအလာစောင့်ကြပ်ကြည့်ရှုရေးစင်တာများ၊ အစိုးရဌာနများ၊ ပြည်တွင်း အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်မှုအနေဖြင့် ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်သူ  ၉၀,၀၀၀ ဝန်းကျင်အတွက် ထောက်ပံ့လှူဒါန်းရာ ကချင်ပြည်နယ် ကုသရေးဦးစီးဌာန မှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း WFP ထံမှ သိရသည်။

 

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior က “ကျန်းမာရေးဝန်ထမ်းတွေ လုံခြုံကျန်းမာသန်စွမ်းမှ ကျွန်တော်တို့တွေအားလုံးလည်း ကျန်းကျန်းမာမာနေထိုင်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလူသားချင်းစာနာမှုရံပုံငွေအတွက် ထောက်ပံ့ထည့်ဝင်ပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးအထူးတင်ပါတယ်။ WFP အနေနဲ့ အခုလို အရေးတကြီး လိုအပ်နေတဲ့ တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကူအညီပေးရေးဝန်ထမ်းတွေရဲ့ လက်ထဲရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ သူတို့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့နဲ့ အကူအညီလိုအပ်နေတဲ့ မိသားစုတွေဆီ အထောက်အပံ့တွေ ပေးပို့နိုင်ဖို့ မနားတမ်းကြိုးပမ်း ဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်” ဟု ပြောသည်။

 

အလားတူ WFP အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထား သည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ်ချိတ်ဆက်ပေးနိုင်မည့် လူသားချင်းစာနာ ထောက်မှုဆိုင်ရာ လေကြောင်း ပျံသန်းမှုအကူအညီ အစီအစဉ်ကို မေ ၁၀ ရက်မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ -WFP