မန္တလေး ၂၃ မေ
မန္တလေး ကျုံးပတ်လည်တွင် ရောင်းချသည့် ထီသည်များအား ယခုလမှ စတင်ကာ ရောင်းချခွင့်လိုင်စင်ချထားပေးနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည်။
ကျုံးပတ်လည်တွင် လကုန်ရက်ရောက်တိုင်း လက်တွန်းလှည်း၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖြင့် ထီရောင်းချသူများသည် လာရောက်ရောင်းချလေ့ရှိသည်။ ယခုအခါ အဆိုပါထီသည်များအား လိုင်စင်ချထားပေးနေပြီဖြစ်ကြောင်း သိရသည်။
‘လကုန်ကာနီးဆိုရင် ကျုံးတောင်ဘက်မှာ ထီရောင်းတဲ့ဈေးကွက်တစ်ခုဖြစ်နေတာ။ မိုးချုပ်တဲ့အထိ ရောင်းနေတာရှိပါတယ်။ ထီရောင်းတဲ့ယာဉ်တွေက လက်တွန်းလှည်း သုံးဘီးဆိုင်ကယ်ကအစ၊ ပါဂျယ်ရိုကားအထိပါတယ်။ ဒီနေရာမှာ ပုံမှန်ရောင်းနေကျဖြစ်လို့ ထီထိုးတဲ့သူတွေကလည်း တော်တော်လေးလာပြီး ထိုးကြတယ်။ သူတို့ကို တရားဝင်နေရာချထားပြီး ကျုံးဘေးမှာ ရောင်းချခွင့်တော့ ပေးမထားဘူး အခုလကစပြီး ကျုံးဘေး တောင်ဘက်၊ အနောက်ဘက် လမကုန်ခင် ၅ ရက်အတွင်း ရောင်းချခွင့်လိုင်စင် လုပ်ပေးမှာဖြစ်ပါတယ်’ ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။
တစ်တန်အောက် ယာဉ်ငယ်ဖြင့် ထီးရောင်းချသူများအား တစ်နှစ်စာအတွက် ရောင်းချခွင့်မှာ ကျပ် ၁၅၀ဝ၀ဝ ကျသင့်မှာဖြစ်ပြီး တစ်တန်နှင့် နှစ်တန်ကြားယာဉ်ဖြင့် ထီရောင်းချသူများအား တစ်နှစ်စာအတွက် ရောင်းချခွင့် ၂၀ဝ၀ဝ၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထီရောင်းချလိုသည့် ဆိုင်များသည် မိမိရောင်းချလိုသည့်နေရာအား တင်ပြပြီး ရောင်းချခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ထီရောင်းချရန် လိုင်စင်လျှောက်ထားသည့် ထီဆိုင်များသည် လစဉ် လမကုန်ခင် ၅ ရက်မှ စတင်ကာရောင်းချခွင့်ရှိ မည်ဖြစ်ပြီး ယာဉ်မရပ်ရ သတ်မှတ်ထားသည့်နေရာများ၊ လမ်းသွားလမ်းလာများ အနှောက်အယှက်ဖြစ်စေမည့် နေရာများတွင် ရောင်းချခွင့်ပေးမည် မဟုတ်ကြောင်း သိရသည်။
အိမို့မို့ခိုင်