ပုသိမ် ၁၃ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီးတွင် COVID-19 အတည်ပြုလူနာများ တွေ့ရှိလာပြီးနောက် အဝေးပြေးယာဉ်လိုင်းများနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ယာဉ်လိုင်းအချို့ ရပ်နားထားကြသည်ကို တွေ့ရသည်။
သို့ရာတွင် တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း မရှိစေရေးအတွက်၊ တိုင်းဒေသကြီးအတွင်း ကုန်စည်ပို့ဆောင်မည့်ယာဉ်များကိုကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ခွင့်ပြုပေးမည်ဖြစ်သည်။
ထိုသို့ခွင့်ပြုရာတွင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးမှသာ ဝင်/ထွက်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးသည်နှင့် သတ်မှတ်ထား သည့်နေရာတွင်သာ အခြေပြုပြုလျက် နေရပ်သို့ ပြန်လည် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စက်တင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ ကျန်းမာရေးကိစ္စရပ်များနှင့် အခြား အရေးကြီးကိစ္စများမှ အပ တိုင်းဒေသကြီး အတွင်းဝင်ခြင်း၊ တိုင်းဒေသကြီး ပြင်ပသို့ ထွက်ခွာခြင်းများကို အောက်တိုဘာလ ၁ ရက်အထိ မပြုလုပ်ကြရန် အသိပေးနှိုးဆော် ထားကြောင်း သိရသည်။
ပုသိမ်သတင်းဌာနခွဲ


