ရန်ကုန် ၇ ဇူလိုင်
မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂက ကြီးမှူးကျင်းပသည့် ကုန်မာဆိုင်ထဲက ပွန်းပဲ့နေတဲ့အသံ ကဗျာစကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အမှတ် ၂၁၂၊ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပရာ ကဗျာဆရာများ၊ ကဗျာကို ချစ်မြတ်နိုးသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဆရာသစ္စာနီ က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ဦးမိုးကျော်သူ က ကဗျာစကားဝိုင်းဖြစ်စဉ်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆရာ မောင်ကြူးရင့်က အမှတ်တရစကားပြောကြားပြီး ကဗျာဆရာ ဝင်းမြင့်နှင့် မိုးဝေးတို့က ကဗျာစကားဝိုင်းဆွေးနွေးပွဲကို စတင်ဆွေးနွေးကြရာ စာပေအနုပညာကဏ္ဍများ၊ ဘဝအကြောင်းအရာများနှင့် ကဗျာရေးသူ၊ ကဗျာအကြောင်း ပြောသူ၊ ဖတ်သူ၊ ဆွေးနွေးသူ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည် ဆွေးနွေးဖြေကြားကြသည်။
မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂသည် ဇွန် ၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ်အဖြစ် ကဗျာညနေခင်း ၁ ကို ကျင်းပခဲ့ပြီး ယခုဆွေးနွေးပွဲကိုကုန်မာဆိုင်ထဲက ပွန်းပဲ့နေတဲ့ အသံခေါင်းစဉ်ဖြင့် ကဗျာညနေခင်း ၂ ကို ကျင်းပခြင်းဖြစ်သည်။ ကဗျာညနေခင်း ၃ ကို မန္တလေးမြို့မှ နယ်ခံကဗျာ ဆရာများဖြင့်ပူးပေါင်း၍ မကြာမီ မန္တလေးမြို့တွင် ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


