မန္တလေး ၁၄ သြဂုတ်
မန္တလေးမြို့ ကျုံးမြို့ရိုး အလှကို ခံစားနိုင်စေရန်နှင့် လုံခြုံရေးအတွက် ကျုံးမြို့ရိုးပတ်လည်အား အရည်အသွေးပိုမိုကောင်းမွန်သည့် ဆလိုက်မီးများပြောင်းလဲ တပ်ဆင်မည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်မှ သိရသည်။
မန္တလေးမြို့သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသည်များ အနေဖြင့် ညအချိန် ကျုံးဘေး ဝန်းကျင်သို့ အပန်းဖြေလာရောက်ရာတွင် မြို့ရိုးပတ်လည်အား မီးရောင်ဖြင့် မျက်စိပသာဒ ဖြစ်ဖွယ်မြင်တွေ့ ရမည်ဖြစ်သကဲ့သို့ မြို့အင်္ဂါရပ်နှင့် အညီ လှပနေစေရန် ရည်ရွယ်ကာ ၂၀၁၄ ခုနှစ်မှ စတင်ကာ LED မီးလုံးများဖြင့် အလှဆင်ခဲ့သည်။ ယခုအခါ အဆိုပါ မီးလုံးများသည် မီးလုံးကျွမ်းခြင်း၊ ပျက်စီးနေသည့် မီးလုံးများအား အရည်အသွေးကောင်းမွန်သည့် ဆလိုက်မီးများဖြင့် အလှဆင်နေပြီဖြစ်သည်။
"ညအချိန်မှ မြို့ရိုးအလှကိုခံစားနိုင်စေရေးနဲ့ လုံခြုံရေးအတွက် နန်းမြို့ရိုး လေးဘက်မှာ ဆလိုက်မီး ၁၆၁၂ လုံးကိုထွန်းနေပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မင်းတုန်းမင်းတည်ဆောက်ခဲ့သည့် မန္တလေး ကျုံးမြို့ရိုးသည် စတုရန်း လေးမျက်နှာ၊ တာပေါင်း (၂၄ဝဝ)ရှိပြီး မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး (၁၂)ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် (၃၂)ခု နှင့် (၄၈) ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း (၄၈)ဆောင် ရှိသည်။
မေသက်ထား