နေပြည်တော် ဇန်နဝါရီ ၂
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ညောင်တုန်းမြို့နယ် စက္ကော့တောင် ကျေးရွာအုပ်စု အုန်းပင်စု ခေတ်မီစံပြကျေးရွာ (Smart Village)သို့သွားရောက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စက္ကော့-အင်းမ ဆက်သွယ်သော လမ်းအရှည် ၂ ဒသမ ၅ ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လမ်းပခုံးများ စနစ်တကျဖြစ်စေရေး၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများကို လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းရန်ပုံငွေများဖြင့် ဂန္ဓမာပန်း စိုက်ပျိုးရေးလုပ်ငန်း၊ ငါးပြေမ ငါးမွေးမြူရေးလုပ်ငန်းနှင့် ဖယောင်းတိုင်လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးထားမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေး ဆောင်ရွက်နေကြသော သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဇလွန်မြို့သမိုင်းဝင် မာန်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝတ္ထုငွေ၊ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ကျုံပျော်မြို့နယ် နတ်ကန်ကျေးရွာသို့ သွားရောက်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ဒါးက ချောင်းကူး ကွန်ကရစ်တံတား ပေ ၃၀၀ ဖွင့်ပွဲသို့ တက်ရောက်၍ ကွန်ကရစ်တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ် ကွင်းသာကျေးရွာအုပ်စု မှော်သေးအရှေ့စုကျေးရွာသို့ သွားရောက်၍ (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောက်လုပ်ခဲ့သည့် မြေရဲတောင် အမှတ်(၂) ကုန်ထုတ်လမ်းဖွင့်ပွဲ သို့တက်ရောက်ပြီး ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


