ကျုံပျော် ၁၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူသည် ကျုံပျော်မြို့နယ်၊ အဝိုင်းနင်းကြမ်းအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာတွင် ကျပ်သိန်း(၃၆၀)တန်ဖိုးရှိ ကျောင်းဆောင်သစ်အား ဆောက်လုပ် လှူဒါန်းပြီး ယနေ့နံနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ဝန်ကြီးချုပ်ဟောင်း) မန်းဂျော်နီ၊ တိုင်းပညာရေးမှူးရုံး ညွန်ကြားရေးမှူး ဆရာကြီး ဦးဖြူဝင်း၊ ခရိုင်ပညာရေးမှူး ဆရာကြီးဦးအောင်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားအား ဆက်လက်ကျင်းပရာ ဝန်ကြီးက "ယခင်ကျောင်းဆောင်သည် လွန်စွာဟောင်းနွမ်း နေခဲ့ကြောင်း၊ ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲလာအောင် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခင်ကျောင်းဆောင်ဟောင်းကိုပါ သစ်လွင်အောင် ပြန်လည်ပြုပြင် ပေးခဲ့ပါကြောင်း၊ ကျေးရွာ၏ နောင်လာနောက်သားများ ပညာရေးဖွံ့ဖြိုး တိုးတက်လာအောင်၊ ရပ်ရွာတိုးတက်လာအောင် လှူဒါန်းပေးခြင်းဖြစ်ပြီး၊ ကျေးရွာပြည်သူများအနေဖြင့် အသိအမြင် ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ကြဖို့လိုကြောင်း၊ သို့မှသာ စည်းကမ်းကောင်းမွန်ပြီး အတတ်ပညာ ကောင်းများ ရရှိလာမှာဖြစ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအောင်မြင်ရန်အတွက် သိမှုပိုင်းဆိုင်ရာများ ဖွံ့ဖြိုးလာအောင်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်အောင်၊ မူလတန်းမှ စတင်ပြောင်းလဲ ပေးရမည်ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်းကြိုးစား၍ တိုင်းပြည်တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(ဝန်ကြီးချုပ်ဟောင်း)မန်းဂျော်နီနှင့် တိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဆရာကြီး ဦးဖြူဝင်းတို့က အမှာစကား အသီးသီး ပြောကြားကြပြီး၊ အလှူရှင်ဝန်ကြီးက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ အ.မ.ကကျောင်းတွင် ကျောင်းသားကျောင်းသူ (၇၉)ဦး ပညာသင်ကြားလျက်ရှိပြီး၊ ယခင်က ကျောင်းဆောင်ဟောင်း တစ်ခုသာ ရှိခဲ့သောကြောင့် စာသင်ကြား နေထိုင်ရေး အခက်အခက်အခဲ ရှိခဲ့ရာမှ ယခု ပေ(၆၀×၃၀) Steel Structure ကျောင်းဆောင်သစ်ရရှိခြင်း၊ ကျောင်းဆောင်ဟောင်းကိုပါ ပြန်လည်ပြုပြင် လှူဒါန်းပေးခဲ့ခြင်းတို့ကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်ရွာပြည်သူများက ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)