ကျုံပျော် ၂၂ အောက်တိုဘာ
ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် မိန်းကလေးငယ် (၂၂၄၆) ဦးကို (HPV) ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၂၁ ရက်က စတင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လအထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀ဝ) ကျော်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များ၌ ထည့်သွင်းထိုးနှံလျှက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ စက်တင် ဘာလမှ စတင်၍ မြို့ပေါင်း (၃၃၀) တွင် စတင်ထိုးနှံရန် စီစဉ်ထားသော်လည်း ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာမှုကြောင့် ယခု အောက်တိုဘာလတွင် ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် (HPV) ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ထိုးနှံနိုင်ရန် ပြီးခဲ့သည့် ဇွန်၊ဇူလိုင်လများမှ စတင်၍ စာရင်းကောက်ယူခြင်းနှင့် သင်တန်းပေးခြင်း၊ အသေးစိတ်စီမံချက်ရေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအသက် (၉)နှစ်မှ (၁၀) နှစ်အတွင်းမိန်းကလေးများကို ထိုးနှံပေးခြင်းသည် နိုင်ငံတကာစစ်တမ်းများအရ ရောဂါ ကာကွယ်နှုန်း အထူးကောင်းမွန်သောကြောင့် ဖြစ်ကြောင်း၊ ကျုံပျော်မြို့နယ်တွင် ပထမဆုံး (HPV) ကာကွယ် ဆေးစတင်ထိုးနှံမှု မှတ်တမ်းတင်ခံရသည့် မိန်းကလေးမှာ (၂.၄.၂၀၁၁) ခုနှစ်တွင် မွေးဖွားသည့် ဆောက်တန်းကျေးရွာမှ မနှင်းနုဝေဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခု HPV ကာကွယ်ဆေးထိုးနှံခွင့် ရရှိခဲ့မှုမှာ အဖိုးမဖြတ်နိုင်သော အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းထံမှ သိရသည်။
ကျုံပျော်မြို့နယ်တွင် အဆိုပါ HPV ကာကွယ်ဆေးကို ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း မွေးဖွားသည့် အသက် (၉)နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးပေါင်း (၂၂၄၆) ဦးကို ထိုးနှံပေး သွားမည်ဖြစ်ပြီး၊ မိန်းကလေးတစ်ဦးအတွက် HPV ကာကွယ်ဆေး တစ်ကြိမ်စာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄ . ၅) ဒေါ်လာကုန်ကျကြောင်း၊ ပထမအကြိမ်ထိုးနှံအပြီး (၁၂) လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်သဖြင့် ကာကွယ်ဆေးအပြည့်အဝ ရရှိရန် (၂) ကြိမ် ထိုးနှံဖို့ လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ဆေးထိုးစုရပ်ပေါင်း (၁၅၅) ခုတွင် ဆေးထိုးအဖွဲ့ ပေါင်း(၅၄) ဖွဲ့ဖြင့် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းဖြင့် သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


