ကျုံပျော် ဧပြီ ၁၈
မြန်မာတို့၏ ၁၃၈၄ ခုနှစ်၊ နှစ်ကူးအခါသမယ နှစ်ဆန်းတစ်ရက်နေ့တွင် ကုသိုလ်တော်အလှူ ဆောင်ရွက်သည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ သံဃာတော်နှင့် သီလရှင် (၅၀၈)ပါးတို့အတွက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၌ ဇန်နဝါရီ ၁၇ ရက် နံနက်က ကျင်းပပြုလုပ်သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၂၆)တိုက်မှ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ကျောင်းတိုက် (၇)တိုက်တို့မှ သီလရှင်ဆရာလေးများ ကြွရောက်ကြပြီး မြတ်ချမ်းသာ ဘုရားတန်ဆောင်းမှ စတင်၌ ဗိုလ်ချုပ်ပန်းခြံအထိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် အကြည်ညိုခံကြွရောက်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မူခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဝန်ထမ်းများ၊ အလှူရှင်များ လာရောက်ကြပြီး ဆန်၊ ဆီ၊ ဆား၊ အလှူတော်ငွေနှင့် အခြားလှူဖွယ်ဝတ္တု ပစ္စည်းများအား အသီးသီး ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ အလှူရှင်များ၏ ထည့်ဝင်မှုတို့ဖြင့် ကျုံပျော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် (၈)တိုက်၊ သီလရှင်ကျောင်းတိုက် (၂)တိုက်၊ အထောင်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် (၄)တိုက်နှင့် သောင်ကြီးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတိုက် (၁)တိုက် စုစုပေါင်း ကျောင်းတိုက် (၁၅)တိုက်သို့ သွားရောက်၍ ကျောင်းတိုက်တစ်တိုက်လျှင် ဆန်(၁)အိတ်၊ ဆီ(၁)ပုံးနှင့် အလှူငွေကျပ် (၃)သောင်းစီတို့အား သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများထံသို့ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ သက်တော်ရှည် သံဃာတော် အရှင်သူမြတ်သီတင်းသုံးနေထိုင်ရာ တလုပ်ပင်ကျောင်းတိုက်သို့ သွားရောက်ကာ အလှူတော် ငွေကျပ် (၅)သောင်းအား ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားပုထိုးကျောင်းကန်များ၌ ရေသပ္ပာယ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အလှူဒါနပြုခြင်းများ ဆောင်ရွက်ပြီး ရပ်ကွက်များ လမ်းများတွင်လည်း အန္တရာယ်ကင်း ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများအပြင် အင်းရဲလမ်းရှိ ကန်သာယာစေတီ၌ ငါးစာကျွေး၍ အလှူဒါနပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)