ကျုံ​​​ပျော် ၁၀  ဇူလိုင်

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် လယ်ယာလုပ်ကိုင်သည့် ​တောင်သူများအ​နေဖြင့် လယ်ယာလုပ်သားရှားပါးမှု​ကြောင့် စပါးစိုက်ပျိုးရာ၌ ပျိုး​ထောင်၍ ​ စိုက်ပျိုးမှု အထူးနည်းပါးလာပြီး၊ ဒေသအ​ခေါ် ကျဲခင်းစိုက်ပျိုးမှုကိုသာ အများအပြား လုပ်ကိုင်လာကြ​ကြောင်း သိရသည်။

 

" အခု ​ကျွန်​တော်တို့က ပျိုး​ထောင်စိုက်ပျိုးတာထက် ကျဲခင်းကို ပိုပြီးလုပ်ကိုင်လာကြတာက ​ဒေသတွင်း လယ်ယာလုပ်သား ရှားပါးလာတာရယ်၊ အချိန်နဲ့ လူသက်သာတာရယ်​ကြောင့် ဖြစ်ပါတယ်။ ကြဲခင်းနဲ့ ပျိုး​ထောင်စိုက်ပျိုးမှု နှစ်ခုမှာ ​ကွာခြားတာ​တွေ​တော့ရှိပါတယ်။ အရင်တုန်းက ပျိုး​ထောင်စိုက်ရာမှာ​တော့ ကျွန်​တော်တို့လယ်သမားတွေက ထယ်ထိုးထွန်​မွှေပြီး​တော့ ​ပေါင်းမြက်​တွေကို ​​ရှင်းတယ်။ ကန်သင်းမှာ​ရေပိတ်ထားပြီး၊ မြက်သတ်တယ်၊ ​မြေသြဇာလည်း ရပါတယ်။ ​နောက်​ကောက်စိုက်ပြီး ရိတ်သိမ်းတဲ့ အချိန်အထိ ​ပေါင်းမြက်ကသိပ်မလိုက်ရ​တော့ပါဘူး။

 

အခု ကျဲခင်းလုပ်ရာမှာ​တော့ မိုးဦးကျစ လယ်​တွေမှာ ​ရေမရခင်တည်းက စပြီးထွန်ယက်ရတယ်၊ နောက်အဲဒီထွန်ထားတဲ့​မြေ​ပေါ်မှာ မျိုးစပါး ကြဲပက်တာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာ​ပေမယ့် ပေါင်းမြက်​​တွေ ပေါက်တာများ​ပါတယ်။ ​ရွေးချယ်​ပေါင်းသတ်​ဆေး​တွေ သုံးရတဲ့အတွက် ​ဆေးဖိုး ကုန်ကျမှု​တွေများတယ်၊ ​ရေရှည်မှာ​တော့ ​မြေယာကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

 

ဒါ​ပေမယ့် လုပ်သားရှားပါးမှုပြဿနာနဲ့ အချိန်ကုန် လူပင်ပန်းသက်သာတာ​တွေ​ကြောင့် ကျွန်​တော်တို့ လယ်သမားအများစုက တိုက်ရိုက်မျိုး​စေ့ချတဲ့ ကြဲခင်းစနစ်ကိုပဲ ​ဆောင်ရွက်ကြတာ များပါတယ်" ဟု မှော်​​​သေးကျေးရွာမှ ​တောင်သူဦးမျိုးထွန်းက ဆိုသည်။

 

ပျိုး​ထောင်စိုက်ပျိုးရာတွင် စိုက်ရက်​ရောက်ပါက ပျိုးနှုတ်သားနှင့် ​ကောက်စိုက်သမများ ငှားရမ်းကာ စိုက်ပျိုးရ​​ကြောင်း၊ ကြဲခင်းစိုက်ပျိုးမှုကို လယ်သမားများက မိုးဦးကျစကပင် စတင် ​ဆောင်ရွက်ကြပြီး၊ လယ်ယာသုံး ထွန်စက်များ အသုံးပြုကြ​ကြောင်း၊ ငှားရမ်းထွန်ယက်ခအ​နေဖြင့် တစ်ဧကလျှင် တစ်ကြိမ်ထွန်ယက်ခငွေ(၁၀၀၀၀) ကျပ်ဝန်းကျင်ကျသင့်ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)