ကျုံပျော် ၁၀ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် လယ်ယာလုပ်ကိုင်သည့် တောင်သူများအနေဖြင့် လယ်ယာလုပ်သားရှားပါးမှုကြောင့် စပါးစိုက်ပျိုးရာ၌ ပျိုးထောင်၍ စိုက်ပျိုးမှု အထူးနည်းပါးလာပြီး၊ ဒေသအခေါ် ကျဲခင်းစိုက်ပျိုးမှုကိုသာ အများအပြား လုပ်ကိုင်လာကြကြောင်း သိရသည်။
" အခု ကျွန်တော်တို့က ပျိုးထောင်စိုက်ပျိုးတာထက် ကျဲခင်းကို ပိုပြီးလုပ်ကိုင်လာကြတာက ဒေသတွင်း လယ်ယာလုပ်သား ရှားပါးလာတာရယ်၊ အချိန်နဲ့ လူသက်သာတာရယ်ကြောင့် ဖြစ်ပါတယ်။ ကြဲခင်းနဲ့ ပျိုးထောင်စိုက်ပျိုးမှု နှစ်ခုမှာ ကွာခြားတာတွေတော့ရှိပါတယ်။ အရင်တုန်းက ပျိုးထောင်စိုက်ရာမှာတော့ ကျွန်တော်တို့လယ်သမားတွေက ထယ်ထိုးထွန်မွှေပြီးတော့ ပေါင်းမြက်တွေကို ရှင်းတယ်။ ကန်သင်းမှာရေပိတ်ထားပြီး၊ မြက်သတ်တယ်၊ မြေသြဇာလည်း ရပါတယ်။ နောက်ကောက်စိုက်ပြီး ရိတ်သိမ်းတဲ့ အချိန်အထိ ပေါင်းမြက်ကသိပ်မလိုက်ရတော့ပါဘူး။
အခု ကျဲခင်းလုပ်ရာမှာတော့ မိုးဦးကျစ လယ်တွေမှာ ရေမရခင်တည်းက စပြီးထွန်ယက်ရတယ်၊ နောက်အဲဒီထွန်ထားတဲ့မြေပေါ်မှာ မျိုးစပါး ကြဲပက်တာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာပေမယ့် ပေါင်းမြက်တွေ ပေါက်တာများပါတယ်။ ရွေးချယ်ပေါင်းသတ်ဆေးတွေ သုံးရတဲ့အတွက် ဆေးဖိုး ကုန်ကျမှုတွေများတယ်၊ ရေရှည်မှာတော့ မြေယာကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လုပ်သားရှားပါးမှုပြဿနာနဲ့ အချိန်ကုန် လူပင်ပန်းသက်သာတာတွေကြောင့် ကျွန်တော်တို့ လယ်သမားအများစုက တိုက်ရိုက်မျိုးစေ့ချတဲ့ ကြဲခင်းစနစ်ကိုပဲ ဆောင်ရွက်ကြတာ များပါတယ်" ဟု မှော်သေးကျေးရွာမှ တောင်သူဦးမျိုးထွန်းက ဆိုသည်။
ပျိုးထောင်စိုက်ပျိုးရာတွင် စိုက်ရက်ရောက်ပါက ပျိုးနှုတ်သားနှင့် ကောက်စိုက်သမများ ငှားရမ်းကာ စိုက်ပျိုးရကြောင်း၊ ကြဲခင်းစိုက်ပျိုးမှုကို လယ်သမားများက မိုးဦးကျစကပင် စတင် ဆောင်ရွက်ကြပြီး၊ လယ်ယာသုံး ထွန်စက်များ အသုံးပြုကြကြောင်း၊ ငှားရမ်းထွန်ယက်ခအနေဖြင့် တစ်ဧကလျှင် တစ်ကြိမ်ထွန်ယက်ခငွေ(၁၀၀၀၀) ကျပ်ဝန်းကျင်ကျသင့်ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


