ကျုံပျော် ၈ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ ကိုဗစ် -၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ မြို့နယ်အတွင်းရှိ ငါးမွေးဧက ၂၀ဝ ကျော်အတွက် ငါးသားပေါက် ကောင်ရေ (၄)သိန်းကျော်အား အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို ကျုံပျော်မြို့နယ်၊ အောင်လံစုတာဆုံနှင့် ရှားခဲကျေးရွာတို့၌ စက်တင်ဘာ ၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူ (၂၇) ဦး၏ ငါးမွေးဧက (၂၂၃.၆၉)ဧကထံသို့ ငါးမြစ်ချင်းသားပေါက် ကောင်ရေ (၄၄၇၃၈၀) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ယခုကဲ့သို့ နိုင်ငံတော်မှ ငါးမျိုးများ ထောက်ပံ့ခြင်းသည် ကိုဗစ်-၁၉ ကာလအတွင်း ရေလုပ်ငန်းကဏ္ဍ အပေါ် ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးမွေးမြူမှု တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀ဝ၀) နှုန်းထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ မြို့နယ်အတွင်း ကျန်ရှိနေသည့် ငါးမွေးတောင်သူ(၇၁) ဦး၏ ငါးမွေးဧက (၂၁၈.ဝ၁)ဧက ထံသို့ ငါးသားပေါက်ကောင်ရေ (၄၃၆၀၂၀)အား ယခုလအတွင်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မျိုးနိုင်ထံမှ သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


