ကျုံပျော် ၂၀ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် မိခင်များအားလုံးနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁)ရက်နေ့မှ စတင်မွေးဖွားသော ကလေးငယ်များအားလုံးကို ထောက်ပံ့ကြေးပေးရန် စာရင်းများကောက်ယူခဲ့ရာ စုစုပေါင်း ၄၀၀၀ ကျော် စာရင်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါစာရင်းများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ စာရေးဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့မည့်အစီအစဉ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခင်က စာရင်းကောက်ယူခြင်းကို ဇူလိုင်လကုန်တွင် ပိတ်သိမ်းရန်ဖြစ်သော်လည်း ပါဝင်သင့်သူအားလုံးကျန်ရှိမှု မရှိစေရေးအတွက် ရက်တိုးကာ သြဂုတ် (၁၅) ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ကြေးပေရန် ဆောင်ရွက်ခြင်းမှာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များ အာဟာရပြည့်ပြည့်ဝဝရရှိပြီး ကျန်းမာဖွံ့ဖြိုးစေရန်၊ တိုင်းပြည်အနာဂတ်အတွက် ကာယ၊ ဉာဏဖွံ့ဖြိုးသည့် သားသမီးရတနာများ ပေါ်ထွန်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိကိုယ်ဝန်ဆောင်မိခင်များအားလုံးနှင့် ဧပြီ ၁ ရက်မှ စတင်မွေးဖွားသည့် ကလေးငယ်များအားလုံး ပါဝင်ကြောင်း၊ လစဉ်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် (၁၅၀၀၀)ကို ကလေးအသက် (၂) နှစ် အထိထောက်ပံ့သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ထွေးသူဇာအေး ထံမှ သိရသည်။

 

နေဝင်းမြင့် (ကျုံပျော်)