ကျုံပျော် ၂၈ သြဂုတ်
ဒေသနေပြည်သူများ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရန်နှင့်ငါးမျိုးပြုန်းတီးမှုမရှိစေရန်ရည်ရွယ်၍ စပါးခင်းများအတွင်း ထိုင်းငါးခုံးမ ကောင်ရေ ၆၉၀ဝ၀ ငါးမျိုးစိုက်ထည့်ခြင်းကို ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မြေရဲမြောက်ကွင်းအတွင်း၌ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
"ကျွန်မတို့က စပါးလည်းရ ငါးလည်းရအောင်လုပ်တဲ့ အနေနဲ့ ဒီလိုစပါးစိုက်ခင်းထဲကို ငါးမျိုးတွေ စိုက်ထည့်တာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် စပါးစိုက်ဧက ၁၃၈ ဧကအတွက် တစ်ဧကကို ငါးအကောင်ရေ ၅၀ဝ နှုန်းနဲ့ စုစုပေါင်း ငါသားပေါက်ကောင်ရေ ၆၉၀ဝ၀ ကို စုပေါင်းစိုက်ထည့်ပေးတာ ဖြစ်ပါတယ်။ ဒီလယ်တွေကမှတစ်ဆင့် ချောင်းမြောင်း တွေထဲကို ရောက်ရှိပြီးတော့ လယ်သမားနဲ့ ဒေသခံပြည်သူတွေ ငါးရိက္ခာပိုမိုစားသုံးနိုင်မှာဖြစ်ပါတယ်။ ငါးသယံဇာတဖူလုံဖို့အတွက် နှစ်စဉ်လည်း ကျွန်မတို့ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ပြီး အင်းချောင်းနဲ့ သဘာဝရေပြင်တွေထဲကို ငါးမျိုးတွေ စိုက်ထည့်ပေးနေပါတယ်။ ငါးမျိုးပြုန်းတီးမှုမရှိစေရေးအတွက်လည်း တရားမဝင် ငါးဖမ်းကိရိယာတွေနဲ့ ဖမ်းဆီးတာတွေကို စစ်ဆေးအရေးယူမှုတွေပြုလုပ်နေပါတယ်" ဟု မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်က ဆိုပါသည်။
ကျုံပျော်မြို့နယ်တွင် ဂရန်အင်းပေါင်း ၃၀ ရှိပြီး၊ နိုင်ငံဘဏ္ဍာအဖြစ် ယခုနှစ်တွင် ကျပ်သိန်း ၃၀ဝ၀ ကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ အင်းရဲကြီးအင်းနှင့် ရှားခဲကြီးအင်းများကဲ့သို့ သားငါးများစွာထွက်သော အင်းကြီးများလည်း ရှိသောကြောင့် ဒေသတွင်းသားငါးစားသုံးမှုဖူလုံပြီး၊ အခြားမြို့ကြီးများသို့တင်ပို့ရောင်းချရခြင်းများလည်းရှိကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ ၊လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး စပါးစိုက်ခင်းများအတွင်းသို့ တပျော်တပါး ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
နေဝန်းရှိန်(ကျုံပျော်)


