လေရှီး ၁၈ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ငကျန်ကျေးရွာနှင့် ကူကီးရွာမကျေးရွာတို့တွင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ဩဂုတ် ၁၇ ရက်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် လေရှီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ငကျန်ကျေးရွာ၌ အရှည် ပေ ၃၃၀၀ ရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ကူကီးရွာမကျေးရွာ၌ အရှည်ပေ ၉၉၀၀ ရှိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လေရှီးမြို့နယ် ကျေးလက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမင်းစိုး၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးထက်မင်းဦး၊ အငယ်တန်းအင်ဂျင်နီယာ-၃ ဦးမိုးပျံလားခါးနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့က သတ်မှတ်စံချိန် စံချိန်ညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
လေရှီးမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၁၃ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း လေရှီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရသည်။
ဇော်မင်းဌေး