၄ ဇူလိုင်
ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် ယနေ့အချိန်တွင် မြို့ကြီးများ၌ နေထိုင်နေကြပြီး ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံ နှစ်ပုံ (သန်း ၆၀ဝ၀) သည် မြို့ကြီးများတွင် နေထိုင်ကြမည်ဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းလိုက်ပါသည်။ ယနေ့ ကမ္ဘာတွင် လူဉီးရေသန်း ၇၀ဝ၀ အနက် လူဦးရေ သန်း ၁၀ဝ၀ သည် ဆင်းရဲနုံချာသော ကျူးကျော်ရပ်ကွက်နှင့် ဆင်းရဲသားရပ်ကွက်များတွင် ဖြစ်သလိုနေထိုင်နေကြသည်။ ၂၀၃၀ Slum Upgrading အတွက် ရည်မှန်းချက်ထား၍ ၁ နာရီတိုင်းတွင် လူနေအိမ် (သို့မဟုတ်) အိမ်ခန်း ၄၀ဝ၀ တည်ဆောက်ရန်လိုနေကြောင်း UN-Habitat ၏ နိုင်ရိုဘီအစည်းအဝေးက တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် ယနေ့မြို့ ပြလူဦးရေ ၃၀ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းအချိုးအစားသည် သင့်တင့်မျှတမှုရှိသည်ဟုဆိုနိုင်သော်လည်း ရန်ကုန်ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းပေါများသော မြို့ကြီးသို့ပြောင်းရွှေ့၍ ကျပန်းအလုပ် လုပ်ကိုင်ရင်း ကျူးကျော်၍ရနိုင်သော အစိုးရမြေပေါ်တွင် ကျူးကျော်အိမ်ရာများ များပြားလာမှုသည် စနစ်ကျသော မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွက် အဟန့်အတား တစ်ခုဖြစ်နေပါသည်။ လွန်ခဲ့သောနှစ် ၃၀ က လူဦးရေနှင့် ယနေ့လူဦးရေအချိုး နှိုင်းယှဉ်ထားသော အောက်ပါဇယားကိုကြည့်၍ ရွှေ့ပြောင်းလုပ်သားများ၏ လားရာနှင့် အခြေအနေကို သိနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ၁၉၈၃ ခုနှစ် လူဦးရေနှင့် ၂၀၁၄ ခုနှစ် လူဦးရေအား နှိုင်းယှဉ်ပြထားသောဇယား (နမူနာ)
လုပ်အကိုင်အခွင့်အလမ်းနှင့် စားဝတ်နေရေးအတွက် မြို့ကြီးများသို့ ပြောင်းရွှေ့လာရာမှ အစိုးရမြေပေါ်တွင် ကျူးကျော်နေထိုင်သည့် မိသားစုများ ပြဿနာသည် ယနေ့ အမြန်ဆုံးဖြေရှင်းရမည့်ကိစ္စဖြစ်ပါသည်။
ပျံကျရပ်ကွက်
UN-Habitat နှင့် Cities Alliance တို့၏ စစ်တမ်းအရ ရန်ကုန်မြို့တွင် မြေဧရိယာ ၁၈၂၂ ဧက မြို့တော်ဧရိယာ၏ ၁ ဒသမ ၂၃ ရာခိုင်နှုန်း၌ ပျံကျရပ်ကွက် ၄၃၂ ကွက်သည် မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် ပျံ့နှံ့တည်ရှိနေပါသည်။ ရန်ကုန်မြို့ရှိ ပျံကျရပ်ကွက်များသည် တည်နေရာနှင့် အနေအထားအရ ခွဲခြားလေ့လာရာတွင် အောက်ပါအတိုင်း အမျိုးအစား ခုနစ်မျိုး တွေ့ရှိပါသည် -
(က) ပျံကျရပ်ကွက် ၁၃၁ ခု
( ခ ) ချောင်း/မြောင်းမြစ်ဘေးကျူးကျော် ၇၉ ခု
( ဂ ) လမ်းဘေးကျူးကျော် ၁၄၇ ခု
(ဃ) ရွာမြေကွက်စိတ်ကျူးကျော် ၂၇ ခု
( င ) Resettlement Area Subdivision ၁၈ ခု
( စ ) Peri - urban Area Subdivision ၈ ခု
(ဆ) မြို့တွင်းနေကျူးကျော် (Infill) ၁၃ ခု
အိန္ဒိယနိုင်ငံတွင် Slum Clearance Board ထူထောင်၍ မြို့ပြနေဆင်းရဲ သားလူဦးရေများအတွက် အိမ်ရာဖြေရှင်းခြင်းကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် နေသော်လည်း မြို့ပေါ်တွင် အလုံးအရင်းနှင့် လူအများ ပျံကျနေထိုင်မှုများအပေါ် တားဆီးကာကွယ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် အိန္ဒိယတွင် (၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း) လူဦးရေသည် Slum ရပ်ကွက်များတွင် နေထိုင်လျက်ရှိပြီး ဘုံဘေမြို့တွင် Slum Population မှာ လူဦးရေ၏ ၅၅ ရာခိုင်နှုန်းကျော် ရှိနေပါသည်။ အိန္ဒိယနိုင်ငံတွင် ငါးနှစ်စီမံကိန်းအစီအစဉ်ဖြင့် မြို့ပြနေဆင်းရဲသား လူဦးရေများအတွက် Appropriate Technology များသုံး၍ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ဖြန့်ဖြူးခြင်းတို့ ဆောင်ရွက်ပေးသော်လည်း လူအများစုမှာ တတ်နိုင် စွမ်းမရှိကြပါ။
လက်ရှိ ရန်ကုန်မြို့တွင် ကျူးကျော်တဲအိမ် ၁၅၀ဝ၀ဝ ခန့်ရှိမည်ဟု ခန့်မှန်းထား၍ လူဦးရေ လေးသိန်းခွဲမှ ငါးသိန်းအတွင်း ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။ ၁၉၈၃ ကျူးကျော်ပြဿနာ၊ တန်ဖိုးနည်းအိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုခုနှစ်တွင် တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၃၈၇ ဦး နေထိုင်ခဲ့ရာမှ ၂၀၁၄ ခုနှစ် တွင် (သန်းခေါင်စာရင်းအရ) ၇၁၆ ဦးအထိရှိလာခဲ့ရာ နှစ် ၃၀ အတွင်း နှစ်ဆနီးပါး တိုးလာပါသည်။ ရန်ကုန်လူဦးရေသိပ်သည်းမှု ၇၁၆ ဦးကို ဒုတိယလိုက်သော ဧရာဝတီတိုင်းဒေသကြီး၏ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ ၂၀ဝ ရှိသည့်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီး၏ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ ၁၇၇ ဦးရှိသည့်နှုန်း တို့နှင့် နှိုင်းယှဉ်၍ ရန်ကုန်မြို့၏ ကျူးကျော်ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် စဉ်းစား ကြရပါမည်။
ဖြေရှင်းနိုင်မည့် နည်းလမ်းများ
အာရှနိုင်ငံများ (ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား စသည်) နှင့် လက်တင် အမေရိကနိုင်ငံများတွင် ၂၀ ရာစုနှောင်းပိုင်း၌ လျင်မြန်စွာ မြို့ ပြဖြစ်ထွန်းမှုနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၏ အကျိုးဆက်ကြောင့် မြို့ ကြီးများတွင် လူအများ ပြောင်းရွှေ့နေထိုင်သည့်အတွက် မြို့ ပြနေဆင်းရဲသားလူဦးရေ များပြားလာပြီး ပျံကျနေထိုင်သူမိသားစုများ သိသာထင်ရှားစွာ တိုးတက်များပြားလာခဲ့ပါသည်။ ကမ္ဘာလုံး ဆိုင်ရာ အသိအမှတ်ပြုကျင့်သုံးလက်ခံသည့် Urban Poor မိသားစုများ၏ နေထိုင် ဖြေရှင်းသည့် နည်းလမ်းများတွင် -
(က) Urban Poor များအတွက် အခြေခံအကျဆုံးဝန်ဆောင်မှုဖြစ်သည့် အခြေခံအဆောက်အအုံ (ရေ၊ လမ်း၊ လျှပ်စစ်မီး) ပေးဝေ၍ နေထိုင်မှု အဆင့် မြှင့်တင်ပေးခြင်း။
( ခ ) မြို့သစ် (သို့မဟုတ်) မြို့ ပြနှင့်အနီးဆုံး Peri-urban Area တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့်အတူ Site and Service မြေကွက် ပေး၍ ပြန်လည်နေရာချထားခြင်း။
( ဂ ) အထပ်မြင့် လူနေအိမ်ရာတိုက်ခန်းများတွင် ပြန်လည်နေရာချထားခြင်း။ (တဲပေါ်မှ တိုက်ပေါ်တင်ခြင်း)
(ဃ) Social Rental Housing အငှားချအိမ်ရာများ ယာယီရွှေ့ပြောင်း နေထိုင်ရေးအတွက် ဖြန့်ဖြူးခြင်း။
( င ) Slum Community များ ဖွဲ့စည်းပြီး စုပေါင်းမြေပိုင်ဆိုင်နိုင်ရေးနှင့် မိမိနေအိမ် အဆင့်မြှင့်တင်ပြုပြင်ခြင်းအတွက် အစိုးရ (NGO, INGO) အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အိမ်ရာချေးငွေစနစ် ဆောင်ရွက်ခြင်း စသည်ဖြင့် နည်းလမ်းများစွာ ရှိပါသည်။
ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာလိုအပ်ချက်ကို ဖြေရှင်းနိုင်ခြင်းသည် မြို့ပြ၏ ဆင်းရဲချမ်းသာကွာဟမှုနှင့် မမျှတမှုကို လျှော့ချနိုင်ပြီး ဆင်းရဲမှုပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် World Bank, ADB, JICA, UN - Habitat တို့မှ ပျံကျရပ်ကွက်များအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်များတွင် ပံ့ပိုးကူညီခြင်း၊ ကျူးကျော်အိမ်ရာပြဿနာ ဖြေရှင်းသည့် နည်းလမ်းများအတွက် နည်းပညာအကူအညီပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ဝင်ငွေအလွန်နည်းပြည်သူများအတွက် နိုင်ငံတကာမှသတ်မှတ်သော အိုးအိမ် အဆောက်အအုံစံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသော်လည်း လုံခြုံသန့်ရှင်းသော အိမ်ရာများကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောက်လုပ်နေထိုင်ရန် “လူမှုအခြေပြု စုပေါင်းအိမ်ရာစီမံကိန်း” များကိုလည်း ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များတွင် Women for the World (NGO) နှင့် အသေးစားငွေချေးလုပ်ငန်းများ ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိပါသည်။ ယင်းစနစ်သည် ဝိုင်းကြီးချုပ်စနစ်ဖြင့် အိမ်ရာတည်ဆောက်နိုင်ရန် ငွေချေးပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဦးဆောင်၍ မိသားစု ၆၀ဝ၀ဝ ခန့်ကို ယင်းအစီအစဉ်အရ လုံခြုံစိတ်ချရသော တန်ဖိုး နည်းအိမ်ရာများကို ဖန်တီးပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ပုံမှန်ဈေးကွက်မှ တန်ဖိုးနည်းအိမ်ရာများကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် အစိုးရမှ မြေနှင့် အခြေခံအဆောက်အအုံကို ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍမှ ရေရှည် ခိုင်ခံ့သော အိမ်ရာများ ရင်းနှီးမြှုပ်နှံ ထုတ်လုပ် တည်ဆောက်ခြင်း၊ ပြည်သူများ ဝယ်ယူနိုင်စွမ်းအတွက် ဘဏ္ဍာငွေပံ့ပိုးပေးခြင်း (အတိုးနှုန်းသက်သာသော အိမ်ရာ ချေးငွေစနစ်နှင့် အိမ်ရာအသေးစားချေးငွေစနစ်) အား ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
တန်ဖိုးနည်းအိမ်ရာ
ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော မိသားစုများအတွက် ဝယ်ယူ နိုင်စွမ်းရှိသည့် ဈေးသက်သာသော အိမ်ရာများကို ဆိုလိုသည်။ မိသားစုနည်းသည့် ပြည်သူများသည် လူအများစုဖြစ်ပြီး ယင်းအုပ်စုအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံအသီးသီးတွင် အိမ်ရာမူဝါဒများ ချမှတ် ဆောင်ရွက်လေ့ရှိသည်။
လစဉ် မိသားစုဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ သုံးစွဲရသော အိမ်ရာများကို တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ်နိုင်ပါသည်။ (ဥပမာ- လစဉ်ဝင်ငွေ ကျပ်သုံးသိန်းရှိသူ မိသားစုသည် အိမ်ငှားခ/အိမ်ရာချေးငွေဆပ်ခြင်းအတွက် ကျပ်တစ်သိန်းဝန်းကျင် သာ သုံးစွဲရလျှင် ဝယ်ယူနိုင်စွမ်းရှိသည်ဟု သတ်မှတ်ခြင်းဖြစ်ပါသည်။) အိမ်တန်ဖိုးသည် နှစ်စဉ်မိသားစုဝင်ငွေ၏ ဆယ်ဆရှိလျှင် ဝယ်ယူနိုင်စွမ်းရှိသည့် အိမ်ရာဟု သတ်မှတ်ပါ သည်။ မြန်မာနိုင်ငံ Per Capita GDP အရ တစ်နှစ်လျှင် ငွေကျပ် ၁၈ သိန်းကျပ်နှုန်းခန့်ဖြစ်ရာ ငွေကျပ်သိန်း ၁၈၀ အောက် အိမ်ရာများကို တန်ဖိုးနည်းအိမ်ရာ များဟု သတ်မှတ်နိုင်မည် ဖြစ်ပါသည်။ ယနေ့အခြေအနေတွင် ကျပ်ကျပ်သိန်း ၁၂၀ အောက် အိမ်ရာများကိုသာလျှင် တန်ဖိုးနည်းအဖြစ် သတ်မှတ်ထားပါသည်။
ရန်ကုန်မြို့၏ မိသားစုဝင်ငွေစစ်တမ်းအရ လစဉ်မိသားစုဝင်ငွေ ကျပ်သုံးသိန်း အောက် ရှိသူများသည် လူများစု (၆၀ ရာခိုင်နှုန်းကျော်) ဖြစ်သည့်အတွက် ယင်း ဝင်ငွေအုပ်စုနှင့် ဝင်ငွေအလွန်နည်းပါးသူ သက်ကြီးရွယ်အိုများ၊ ဒုက္ခိတများ၊ မုဆိုးမများ ဦးဆောင်သည့် မိသားစုများအတွက် ပုံမှန်ဈေးကွက်မှ အိမ်ရာများ ဖြည့်ဆည်း ပေးနိုင်ရန် လိုအပ်ပါသည်။ အိမ်ဖြည့်ဆည်းရာတွင် ဝယ်လိုအား (Demand Side) ဘက်မှ ဘဏ္ဍာငွေအရင်းအမြစ် ပံ့ပိုးသည့်နည်းလမ်းဖြင့်လည်းကောင်း၊ ရောင်းလိုအား (Supply Side) ဘက်မှ နည်းပညာ/မြေ/အခြေခံအဆောက်အအုံ ပံ့ပိုးသည့် နည်းလမ်းဖြင့်လည်းကောင်း ဖြေရှင်းပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ပွင့်လင်းလာသည့် စီးပွားရေးအခွင့်အလမ်းများကြောင့် မြို့ပြနှင့် ကျေးလက်ဒေသအသီးသီးမှ လူအမြောက်အမြားသည် ရန်ကုန်၊ မန္တလေးမြို့ ကြီးများသို့ ပြောင်းရွှေ့နေထိုင်မှု များပြားလာပါသည်။ အဆိုပါ တိုးပွားဝင်ရောက် လာသူများအတွက် နေထိုင်ရန် အိမ်ရာ၊ မြေကွက်တို့ကို လက်လှမ်းတမီ ဖြန့်ဖြူး ပေးဝေခြင်း မရှိသည့်အတွက် လူအများစုသည် အလုပ်ရရာနေရာတွင် ပျံကျနေ ထိုင်ရင်း မြို့ကြီးများ၌ စံမမီသည့် ပျံကျကျူးကျော်ရပ်ကွက်များ ကြီးထွားများပြား လာပါသည်။ ပျံကျကျူးကျော်ရပ်ကွက်များ၏ သဘောလက္ခဏာသတ်မှတ်ချက်သည် လူနေထူထပ်သိပ်သည်းလွန်းခြင်း၊ ခိုင်ခံ့မှုမရှိသော သစ်၊ ဝါး ယာယီအိမ်ရာများ ဖြစ်ခြင်း၊ လမ်းနှင့် ရေမြောင်းမရှိခြင်း၊ ရေဖြန့်ဖြူးစနစ်နှင့် မိလ္လာစနစ်မရှိခြင်း၊ ဘေးအ္တရာယ်ရှိပြီး ထိခိုက်ပျက်စီးလွယ်သောနေရာဖြစ်ခြင်း၊ မြေပိုင်ဆိုင်မှု မရှိခြင်း တို့ ဖြစ်ကြပါသည်။ ကောက်ယူရရှိသည့် စာရင်းများအရ ရန်ကုန်မြို့တွင် လူဦးရေ ၅ ဒသမ ၁၄ သန်းခန့်ရှိသည့်အနက် ပျံကျရပ်ကွက်များတွင် နေထိုင်သူများသည် လူဦးရေစုစုပေါင်း၏ ၆ ဒသမ ၈ ရာခိုင်နှုန်းခန့်ဖြင့် လူဦးရေ လေးသိန်းကျော်အထိ ရှိလာပါသည်။
အိမ်ရာလိုအပ်ချက်
ရန်ကုန်မြို့သည် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ခြောက်သန်းခန့်နေထိုင်သည့် အကြီးဆုံးမြို့ ပြဒေသဖြစ်၍ အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်ပါသည်။ ရန်ကုန်မြို့ လူဦးရေတွင် ဝင်ငွေနည်းပြည်သူများက လူအများစု ဖြစ်နေခြင်းသည်လည်း အိမ်ရာကဏ္ဍဖွံ့ ဖြိုးရေးအတွက် စိန်ခေါ်ချက် ဖြစ်နေပါသည်။ မိသားစုများ၏ ဝင်ငွေနည်းပါးမှုတို့ကြောင့် စံမီသောအိမ်ရာသစ် များကို ဝယ်ယူနိုင်စွမ်း လွန်စွာနည်းပါးလျက်ရှိကြပါသည်။
၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဧရာဝတီတိုင်းဒေသကြီးမှ မြို့တော်ရန်ကုန်သို့ အလုံးအရင်း ရွှေ့ပြောင်းအခြေချနေထိုင်မှုကြောင့် ၁၉၉၀ နောက်ပိုင်း တိုးချဲ့ထားသော ဒဂုံမြို့သစ် (၄) မြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့သစ်များတွင် ကျူးကျော်တဲအိမ်များ အဆမတန်တိုးပွားလာခဲ့ပါသည်။ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်တွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်၊ ကျူးကျော် တဲအိမ်များ စာရင်းကောက်ယူခဲ့ပြီး ကျူးကျော်တဲအိမ်မှတ်ပုံတင်ကတ်များ ထုတ်ပေးခဲ့ရာ စုစုပေါင်းကျူးကျော်တဲနေ အိမ်ထောင်စုပေါင်း ၁၅၀ဝ၀ဝ၊ လူဦးရေ ၄ ဒသမ ၇ သိန်း မှတ်တမ်းရှိနေပါသည်။
အိမ်ရာသစ်များဖန်တီးနိုင်ရေးအတွက် နည်းလမ်းများ
အိမ်ရာလိုအပ်ချက်ကြီးမားသော ဝင်ငွေနည်းပြည်သူများအတွက် လက်လှမ်းမီ စေမည့် သင့်လျော်သော မဟာဗျူဟာရွေးချယ်ရာတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးခြင်းနှင့် အိမ်လခသက်သာမှုရှိသော Low Rent Housing များ ဆောက်လုပ်၍ အငှားချထားပေးခြင်း နည်းလမ်း နှစ်ခုလုံးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
ပြည်သူလူထု၏ ဝင်ငွေနည်းပါးမှုကြောင့် အိမ်ရာဝယ်ယူနိုင်စွမ်း နည်းပါးနေ ချိန်တွင် အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ကူညီပေးရန် သင့်လျော်ကြောင်း သိမြင်ပါသော်လည်း Deficient Budget အနေအထားဖြင့် ရင်းနှီးမြှုပ်နှံပေး ခြင်း၊ ထောက်ပံ့ကူညီပေးခြင်း ဆောင်ရွက်ရန် မလွယ်ကူပေ။ သို့ဖြစ်၍ ဝင်ငွေနည်း ပြည်သူအား တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်စွမ်းရှိလာအောင် ကူညီပေးမည့် Housing Finance Mechanism လိုအပ်ပါသည်။
လိုအပ်ချက်နှင့်ကိုက်ညီစွာပင် ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာမူဝါဒ ချမှတ်ခဲ့ရာတွင် ဝင်ငွေနည်းပြည်သူများအတွက် အစိုးရကပံ့ပိုးပေးထားသော တန်ဖိုး နည်းအိမ်ရာစီမံကိန်းနှင့် အိမ်ရာချေးငွေစနစ် တွဲဖက်ထားသော အိမ်ရာအစီအစဉ်ကို ဦးစားပေးသတ်မှတ်၍ အကောင်အထည်ဖော်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဝင်ငွေနည်းပြည်သူများတွင် ပါဝင် နေသော အစိုးရဝန်ထမ်း၊ ကုမ္ပဏီ၊ အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနဝန်ထမ်း၊ ပင်စင်စား နှင့် သာမန်ပြည်သူအုပ်စု လေးမျိုးခွဲခြား၍ တန်ဖိုးနည်းအိမ်ရာများကို စနစ်တကျ ရောင်းချပေးနိုင်ရန် ပြည်သူ့အိမ်ရာစီမံကိန်းတိုက်ခန်းများ ရောင်းချရေးကော်မတီ ဖွဲ့စည်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားသော တန်ဖိုးနည်း/တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းပေါင်း ၂၂၀၈ ခန်းကို မဲနှိုက်ရောင်းချပေးခြင်းဖြင့် အိမ်ရာမူဝါဒကို စတင်အကောင်ထည်ဖော်ခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျူးကျော်တဲအိမ်မှတ်ပုံတင်စာရင်းဝင် အိမ်ထောင်စုပေါင်း ၁၅၀ဝ၀ဝ အတွက် တန်ဖိုးနည်းအိမ်ရာများ ဖန်တီးပေးနိုင်ရန် အောက်ပါစီမံကိန်းများကို လျာထားရေးဆွဲလျက်ရှိပါသည် -
(က) ရန်ကုန်အနောက်ပိုင်း လှိုင်သာယာတွင် လူမှုအဖွဲ့အစည်း အခြေပြု အိမ်ရာစီမံကိန်း တန်ဖိုးနည်းအိမ်ယူနစ် ၁၀ဝ၀ဝ အကောင်အထည်ဖော်ရန်
( ခ ) ရန်ကုန်အရှေ့ပိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လူမှုအဖွဲ့အစည်း အခြေပြုအိမ်ရာစီမံကိန်း တန်ဖိုးနည်းအိမ်ယူနစ် ၁၀ဝ၀ဝ အကောင် အထည်ဖော်ရန်
( ဂ ) လှိုင်သာယာ-တွံတေးကားလမ်းဘေး၊ ပဒါန်ရေကျော်တွင် မြေဧရိယာ ၂၀ဝ၀ ခန့်တွင် Berjaya Land Company က အကောင်အထည် ဖော်ရန် အဆိုပြုထားသောစီမံကိန်း၌ တန်ဖိုးနည်းအိမ်ရာယူနစ်ပေါင်း ၂၈၀ဝ၀ အထိ အဆင့် ငါးဆင့်ခွဲ၍ ဆောက်လုပ်ပြီး၊ အိမ်ဝယ်ချေးငွေ နှစ် ၃၀၊ အရစ်ကျ တစ်လ ၅၆ ဒေါ်လာပေးဆပ်ရသည့်စနစ်ဖြင့် ရောင်းချပေးသွားရန်
(ဃ) ရန်ကုန်မြို့သစ်စီမံကိန်းတွင် ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုး နည်းအိမ်ရာစီမံကိန်းများ ထည့်သွင်းအကောင်အထည်ဖော်ရန်
( င ) ဒဂုံမြို့သစ် (တောင်ပိုင်း) ရွာသာကြီးအနီး ယခင် စံပြစက်မှုလယ်ယာ ခွင့်ပြုခဲ့သောမြေဧက ၉၀ဝ၀ အား ၂၀ : ၈၀ မူဝါဒဖြင့် မြို့ ပြစီမံကိန်း ရေးဆွဲရာတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ထည့်သွင်း အကောင်အထည်ဖော်ရန်
Pilot Project အနေဖြင့် လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံဧရိယာ၏ မြောက်ဘက် ကွင်းအမှတ် (၃၀၄)၊ မြေဧရိယာ ၅၄၃ ဧက၏ တစ်စိတ်တစ်ဒေသ ၁၉၅ ဒသမ ၅၉ ဧကခန့်တွင် Women for the World ပျိုမေ့အိမ် ငွေစုအိမ် ဆောက်စည်းရုံးလှုပ်ရှားမှု NGO အဖွဲ့၏ အကူအညီဖြင့် တစ်ထပ်လုံးချင်းအိမ်ငယ် ယူနစ် ၁၀ဝ၀ဝ ဆောက်လုပ်နိုင်ရန် ၂၀၁၉ ခုနှစ် ဧပြီလတွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော်လျက်ရှိပါသည်။
Women for the World အဖွဲ့၏ Community Architect များက အိမ်ရာယူနစ် ၁၀ဝ၀ဝ အတွက် Master Plan ရေးဆွဲတင်ပြထားပြီး ပထမအဆင့် အနေဖြင့် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးတစ်လျှောက် တဲအိမ်များကို ရွှေ့ပြောင်း နေရာချထားရန် Women for the World အဖွဲ့က မြေပြင်ကွင်းဆင်းစည်းရုံးထားပြီး ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက လမ်းဖောက်လုပ်ပေးခြင်း၊ ရေနုတ် မြောင်းများ ဖောက်လုပ်ပေးခြင်း၊ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ခြင်း စသည့် Basic Infrastructure များ ပံ့ပိုးတည်ဆောက်ပေးမည် ဖြစ်ပါသည်။
Community-based Housing တစ်ထပ်လုံးချင်းအိမ်ငယ်များကို အိမ်ထောင်စု ၃၀ လျှင် တစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် စုဆောင်းငွေနည်းလမ်းဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အကူအညီဖြင့် အသေးစားချေးငွေ နည်းလမ်းဖြင့်လည်းကောင်း၊ Kookmin Bank (Yangon Branch) ၏ အသေးစားချေးငွေနည်းလမ်းဖြင့်လည်းကောင်း (တစ်ဦးလျှင် အများဆုံးကျပ် ကျပ်သိန်း ၃၀ အထိ သက်သာသောအတိုးနှုန်းဖြင့်) တည်ဆောက်သွားကြမည် ဖြစ်ပါသည်။ (မိမိနေမည့်အိမ်ကို မိမိ၏ စုဆောင်းငွေ (သို့မဟုတ်) အသေးစားချေးငွေဖြင့် ဆောက်လုပ်ကြမည့် အစီအစဉ်ဖြစ်ပါသည်။)
နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် အစိုးရသစ်လက်ထက် ၃ နှစ်တာကာလ အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ UN-Habitat တို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်အိမ်ရာ ပြဿနာများ ဖြေရှင်းရေးတွင် နည်းလမ်းပေါင်းစုံကို ရေးဆွဲဆောင်ရွက်နေပြီး စနစ်ကျစွာ ဖွံ့ဖြိုးတိုးတက်လာသည့် မြို့တော်ကြီးဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်း တင်ပြလိုက်ရပါသည်။ ။
ကျော်လင်း (ဆောက်လုပ်ရေး)


