ကဝ ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ အထက(အုန်းနှဲ) မဲရုံ၊ အုန်းနှဲရဲစခန်းအတွင်း ကြိုတင်မဲပုံးများထားရှိမှု၊ အမှတ်(၅)ရပ်ကွက် မဲရုံ၊ ကဝမြို့မရဲစခန်းအတွင်း ကြိုတင်မဲပုံးများထားရှိမှုနှင့် မဲပေးစက်များ Installation နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
သင်တန်းပေးနေမှု ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်ကိုင်အဖွဲ့များ သင်တန်းပေးနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)


