လွိုင်ကော်  ၁၄   မေ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ကယားပြည်နယ်ကျန်းမာရေး စီမံကိန်း(၂၀၁၉-၂၀၂၀) စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့်အညီ ပြည်နယ်အတွင်း ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို တိုးတက်မြင့်မားအောင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် မြို့ပြနှင့်ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုမှာ ကြီးမားတဲ့ ကွာဟမှုမရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက်လည်း ကျန်းမာရေးဌာန အဆောက်အဦများ၊ ဝန်ထမ်းအင်အား၊ ဆေးနှင့်ဆေးပစ္စည်းများ ပြည်စုံရေး အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀) စာအုပ်ထွက်ရှိလာတဲ့အတွက် ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်းနှင့်ချိတ်ဆက်၍ လုပ်ငန်းများကို ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊

စီမံချက်များကို ရေးဆွဲဆောင်ရွက်တဲ့နေရာမှာ အခြေအနေ၊ အဆောက်အဦ၊ ဘဏ္ဍာငွေတို့ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းမှာ ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်၊  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးတည်ချက်များကို ပြည့်မီအောင်အချိန်ဇယားဖြင့် ကာလအပိုင်းအလိုက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများအချိန်ကာလအလိုက် ပြီးစီးမှုရှိ/မရှိ ၊ ချမှတ်ထားသော ဦးတည်ချက်များပြည့်မီခြင်း ရှိ/မရှိကိုကြီးကြပ် စောင့်ကြည့်ဖို့အတွက် ကြီးကြပ်ကွပ်ကဲမည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ကယားပြည်နယ်ကျန်းမာရေးစီမံကိန်းစာအုပ် ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးကြသောသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးစီမံကိန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပီပြင်အောင်ရေးဆွဲပြီး အားသာချက်၊ အားနည်းချက်များကို နှစ်စဉ်သုံးသပ်၍ ပြည်နယ်သူပြည်နယ်သားများ၏ အကျိုးအတွက် ဆောင်ရွက်ကြရန်၊ စီမံကိန်းရေးဆွဲထားသော ပြည်နယ်ကျန်းမာရေး စီမံကိန်းအတိုင်း လုပ်ငန်းများကို အောင်မြင်စွာနဲ့ ရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်ဇင်ထူးက မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် လူတိုင်းလက်ကမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု၊ လွှမ်းခြုံမှုအား ရှင်းလင်းတင်ပြပြီး ကယားပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာတင်ဝမ်းက ကယားပြည်နယ်ကျန်းမာရေးစီမံကိန်း(၂၀၁၉- ၂၀၂၀) စာအုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

 

mdn

 

ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်မောင်ရင်က ကျေးဇူးတင်စကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

လွိုင်ကော်သား