နေပြည်တော် ၇  ဇူလိုင် 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ အရပ်ဖက် အဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် နည်းစနစ်ကျစေရန်အတွက် ပြည်သူများအကျိုး ရှိစေမည့် လိုအပ်သောမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲရပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အစိုးရ၏ရက်(၁၀ဝ)စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဒေသနယ်ပယ်အသီးသီးရှိ လူငယ်များ၏ရပ်တည်မှုနှင့် ရသင့်ရထိုက်သောအခွင့်အရေးများကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း။

 

ယခုထွက်ပေါ်လာသောမူဝါဒ၌ လူငယ်များအတွက်ပြောင်းလဲလာ သော ခေတ်စနစ်များ အပေါ် အခြေခံပြီး ကဏ္ဍ(၁၆)ရပ်ပါဝင်ရေးဆွဲထားပါကြောင်း၊ ကဏ္ဍ (၁၆)ရပ် ပေါ်မူတည်၍ မဟာဗျူဟာစီမံချက်များချမှတ်ပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ဦးစားပေး လုပ်ငန်း စီမံချက်များကို မိမိတို့ဒေသနှင့် ကိုက်ညီအောင်ချမှတ်ရမှာဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် လူငယ်ရေးရာမူဝါဒကို သေချာစွာအချိန်ပေးလေ့လာစေလိုပါကြောင်း၊ အဆိုပါကိစ္စရပ် များကို လူငယ်များအားလုံးကျယ်ကျယ်ပြန့်ပြန့်သိရှိလာအောင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များက ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနကလည်း ပူးပေါင်းတာဝန်ယူမည်ဖြစ်ပါကြောင်း။

 

ထို့နောက် သဘာဝဘေးနှင့်ပတ်သက်၍ ကမ္ဘာ့ရာသီဥတုသည် ဖောက်ပြန်မှုများနှင့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကိုပြည်သူများအားလုံး သိရှိလက်ခံရန်လိုပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးဒဏ်ခံစားရမှုများ ပြင်းထန်လာပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင်ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး Disaster Alert Notification - DAN Application ကို ရေးဆွဲဆောင်ရွက်ထားရှိပါကြောင်းနှင့် ယနေ့အခမ်းအနား သို့ တက်ရောက်လာကြသော အဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများ နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးပေးနိုင်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ကယားပြည်နယ်အတွင်း သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ လူငယ်ရေးရာကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ထားရှိမှုများအား ပြောကြားသည်။     

 

ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးက Disaster Alert Notification (DAN) mobile application တွင်ပါဝင်သောသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ သဘာဝဘေးအန္တရာယ်အတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာစာအုပ်၊ စာစောင်များ၊ မိုးလေဝသအခြေအနေသတင်းများ၊ ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုစာရင်းများနှင့် ပြည်သူများကိုယ်တိုင် သတင်းပေးပို့နိုင်သော အချက်များအားရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ကယားပြည်နယ် လူငယ်ရေးရာ ကော်မတီနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများ၊ ရန်ပုံငွေခွဲဝေရရှိနိုင်ရေး၊ လူငယ်စင်တာ တည်ထောင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုများ၊ လူငယ်ရေးရာကော်မတီတွင် လူငယ် အားလုံးပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)