လွိုင်ကော် ဧပြီ ၃

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ၊ အခြေခံပညာအဆင့် သင်ကြားနေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ အခမ်းအနားအား ကျောင်းသား/ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် မိသားစုဝင် သားငယ်/သမီးငယ်များ၏ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ အသိအမှတ်ပြု ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်နယ်အတွင်း ဗလ(၅)တန်ပြည်စုံသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိပြီး အဘက်ဘက်မှ လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကျောင်းသား၊ ဆရာ၊ မိဘများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူအားလုံးက လက်တွဲညီညီဖြင့် ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများက “ပြည်မြန်မာ” ၊ “မြန်မာ့ကျောင်းသား” သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ၊ အခြေခံပညာအဆင့် သင်ကြားနေသော ဝန်ထမ်းများ၏ သား/သမီးများ စုစုပေါင်း (၁၂၅၂)ဦးအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်မှု စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၄၄၃၆၀၀၀ ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)