လွိုင်ကော် ၁၄ ဇူလိုင်
ကယားပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ ဇူလိုင်လအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းဖွင့်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ကယားပြည်နယ်၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယခုအခါ အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုကပ်ရောဂါကာလတွင် စိန်ခေါ်မှုများစွာ ရှိနေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ကပ်ရောဂါကာလတွင် အကောင်းဆုံး ရင်ဆိုင်ကြိုးစားသွားကြရမည် ဖြစ်ပါကြောင်း၊ ယနေ့တွင် အ.ထ.က/ထ(ခွဲ) (၁၉၆) ကျောင်းအား ထောက်ပံ့မည့် ပစ္စည်းများမှာ ဘေစင်၊ ရေပုံး၊ ဆပ်ပြာ၊ ရေခွက်များ၊ Mask များဖြစ်ပါကြောင်း၊ Mask အသုံးပြုခြင်းဖြင့် ကာကွယ်မှုအတွက် ထိရောက်မှုရှိပါကြောင်း၊ ဆရာ/မိဘများ ညှိနှိုင်း၍ Mask လိုအပ်ချက်ကို ဖြေရှင်းနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
အထက်တန်းကျောင်း အဆင့်ကို အောင်မြင်စွာဖွင့်လှစ်နိုင်မည့် အခြေအနေအပေါ်မူတည်၍ အလယ်တန်း၊ မူလတန်းအဆင့်များကို ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် အထက်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်ခြင်းအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်ထားရှိပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအပ်နှံရေးသတင်းပတ် ဆောင်ပုဒ်တွင် မည်သည့် ခွဲခြားမှုမျှမရှိဘဲ အရည်အသွေးရှိသော ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေး၊ ယင်းဆောင်ပုဒ် အသက်ဝင်အောင် ရည်မှန်းချက်များအောင်မြင်အောင် ယခင်ထက်ပို၍ ကြိုးစားရမည့် အခြေအနေကို တွေ့မြင်ရပါကြောင်း၊ ကိုဗစ်ကာလ၏ အဓိကရင်ဆိုင်ရမည့် ကိစ္စရပ်မှာ ကျောင်းသူ/သားများကို ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း Social Distancing ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် ပင်ပန်းခက်ခဲမည်ကို နားလည်ပါကြောင်း၊ ပြုပြင်ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်၍ ပြောင်းလဲမှုအပေါ်တွင် ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ New Normal နေထိုင်မှုပုံစံအသစ်ဖြင့် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ထောက်ပံ့ပစ္စည်းများကို မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများထံသို့ ပေးအပ် သည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူးမှ COVID ကာလအတွင်း အထက်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယနေ့ ထောက်ပံ့ပေးအပ်သည့် ဘေစင်၊ ရေပုံး၊ ဆပ်ပြာ၊ ရေခွက်၊ Mask များ၏ စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် ၆၇၄၈၀၀၀ ဖြစ်ကြောင်း သိရှိရသည်။
အောင်ထွန်းလေး


