လွိုင်ကော် ၁၅ စက်တင်ဘာ  

COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်မှ သူနာပြု(၂၀) သည် ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံကြီးနှင့် ဒဂုံဆိပ်ကမ်း ဆေးရုံသို့ လွိုင်ကော်မြို့ မှ ယနေ့နံနက်  ၅ နာရီ က ထွက်ခွာခဲ့ကြောင်း သိရသည်။

 

“ယနေ့စေလွှတ်တဲ့အထဲမှာ ဆရာဝန်တွေမပါဘူး သူနာပြုဆရာမကြီး တစ်ဦးခေါင်းဆောင်ပြီးတော့ အထက်တန်း သူနာပြု (၇) ဦး၊ သူနာပြု (၁၂) ဦး၊ စုစုပေါင်း (၂၀)နဲ့  နှစ်ဖွဲ့ခွဲပြီးတော့ ရန်ကုန်မှာရှိတဲ့ ဖောင်ကြီးဆေးရုံကြီးနှင့် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ဆေးရုံတို့မှာ ကူညီဆောင်ရွက်ဖို့အတွက် သွားတာဖြစ်ပါတယ်၊ ကယားပြည်နယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေပြီး အကြောင်းကြားချက်အရ ဒီဆေးရုံကြီးတွေမှာ COVID-19 လူနာတွေများနေတဲ့အတွက် ကူညီဆောင်ရွက်နိုင်ဖို့ အခြားတိုင်းနှင့် ပြည်နယ်တွေကလည်း လွှတ်ပါတယ် ကယားပြည်နယ်က သူနာပြုလူ(၂၀)  လွှတ်ပေးဖို့အတွက် ပြောတဲ့အခါမှာ ကျွန်တော်တို့က လူစုရပါတယ် လူစုတဲ့အခါ အချိန်ကာလ အကန့်သတ်ကိုမပြောပါဘူး။ အနည်းဆုံး ၂ ပတ်ကြာမှာဖြစ်ပါတယ်၊ ၁ လ လည်းဖြစ်ချင် ဖြစ်ပါမယ်၊ သူနာပြု (၂၀ )  စေလွတ်တဲ့အခါမှာ လွိုင်ကော်ဆေးရုံးကြီးကနေပြီး သူနာပြုဆရာမကြီး ၁ ဦး၊ အထက်တန်း သူနာပြု ၅ ဦး၊ သူနာပြု ၄ ဦး၊ အခြားမြို့နယ် ၅ မြို့နယ်မှ ၁ မြို့နယ်လျင် သူနာပြု ၂ ဦးစီနဲ့ စုစုပေါင်း ၁၀  ဦးကို  နှစ်ဖွဲ့ခွဲပြီး လွှတ်လိုက်တာဖြစ်ပါတယ် သွားရောက်တဲ့သူနာပြုများအတွက် ကျွန်တော်တို့ အနေနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အားပေးစကားတွေ၊ ငွေကြေးအားဖြင့် ထောက်ပံ့ပေးအပ်ခြင်း၊ သူနာပြု ဝတ်စုံထောက်ပံ့ပေးခြင်း၊ အားဆေးတစ်လစာထောက်ပံ့ပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့တွင်း COVID -19  လူနာစောင့်ရှောက်မှုများ ဆောင်ရွက်နေသည့်နေရာတွင် ကူညီဆောင်ရွက် နိုင်ရန်အတွက် လွိုင်ကော်မြို့မှ အမျိုးသား သူနာပြု  ၁ ဦးနှင့် အမျိုးသမီး သူနာပြု ၁၉ ဦးတို့ကို စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)