နေပြည်တော် ၁၆ စက်တင်ဘာ 


ကယားပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ဆည်၊ ကန်၊ ရေလှောင်တမံပေါင်း (၃၂)ခုရှိပြီး လယ်မြေဧက (၅၀၀၀၀)ကျော်ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။ 


အဆိုပါ ဆည်၊ ကန်၊ ရေလှောင်တမံများမှ နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေပေးဝေခြင်းလုပ်ငန်းများနှင့် ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား ဌာနနှင့်အတူ စနစ်တကျစီမံခန့်ခွဲနိုင်ရန် ဆည်ရေသောက် တောင်သူများပါဝင်သည့် ရေအသုံးချသူများအစုအဖွဲ့ (၇၁)ဖွဲ့ကို ဖွဲ့စည်းထားသည်။


ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးဗြဲဆည်ရေသောက်စနစ် လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးနှင့် ငွေတောင်ဆည်ရေပေး တူးမြောင်းများ၏ ရေအသုံးချသူများအစုအဖွဲ့ တောင်သူများနှင့်အတူ ဌာနဝန်ထမ်းများစုပေါင်း၍ တူးမြောင်းအတွင်းရှိ ရေမှော်များ၊ အမှိုက်သရိုက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေကို လိုအပ်သည့်အချိန်တွင် လိုအပ်သော ပမာဏအား အလေအလွင့်မရှိ ရရှိစေရေးအတွက် ရေလှည့်စနစ်များ ဆွေးနွေးခြင်း၊ ပြုပြင်ထိန်းသိမ်းရမည့် တူးမြောင်းအဆောက်အအုံများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို အစဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။


စိုက်ပျိုးမြေဧရိယာများအတွင်း စိုက်ပျိုးရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံ အကောင်းဆုံးဖြစ်ရန် ဌာနနှင့်အတူ ရေအသုံးချသူများ အစုအဖွဲ့တောင်သူများ ကိုယ်တိုင်ပါဝင် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ညီညီသန်း(နေပြည်တော်)