လွိုင်ကော် ဇွန် ၁၄

 

ကယားပြည်နယ်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် နာနတ်တော ရပ်ကွက်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း ပြန်လည် ပြုပြင်ရန်လိုအပ်သည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကယားပြည်နယ် ယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကယားတိုင်းရင်းသား မျိုးနွယ်စုတို့၏ ဝတ်စားဆင်ယင်မှုပြခန်း၊ အဆင်တန်ဆာပြခန်း၊ အသုံးအဆောင်ပစ္စည်းများပြခန်း၊ ရိုးရာနေထိုင်မှုအိမ်ပုံစံငယ်ပြခန်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြခန်းနှင့် ရည်ညွှန်းစာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အုတ်ရေကန်နှင့် နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)