လွိုင်ကော် ၉ ဇူလိုင်
ကယားပြည်နယ်တွင် ဆက်လက်ဖော်ဆောင်မည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် Hanns Seldel Foundation မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၃ နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Hanns Seldel Foundation တာဝန်ရှိသူတစ်ဦးမှ စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဘက်ဘက်မှ ထောက်ပံ့ကူညီ ပံ့ပိုးပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး ကယားပြည်နယ်အနေဖြင့် ဆက်လက်ဖော်ဆောင်မည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကယားပြည်နယ်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး Hanns Seldel Foundation မှ ပြည်နယ်ဝန်ကြီးချုပ်အား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရှိရသည်။
လွိုင်ကော်သား


