လွိုင်ကော် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှ စတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့၌ ကျင်းပရာ မဲဆန္ဒရှင် ပြည်သူအားလုံးက သက်ဆိုင်ရာမဲရုံများ၌ လာရောက်၍ ဆန္ဒမဲပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှု အခြေအနေများ၊ မဲရုံနှင့်ဝေးကွာသည့် နေရာများမှ မဲဆန္ဒရှင် ပြည်သူများအား သက်ဆိုင်ရာမဲရုံများသို့ သွားရောက်ဆန္ဒမဲပေးနိုင်ရန်အတွက် မော်တော်ယာဉ်များဖြင့် ကြို/ပို့ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက် မဲရုံအမှတ်(၁)နှင့် အမှတ် (၂) မဲရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများက စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဆန္ဒမဲပေးနေမှု၊ မဲပေးရန် စောင့်ဆိုင်းနေမှုနှင့် မဲရုံနှင့်အဝေးတွင် နေထိုင်သည့်နေရာများမှ မဲဆန္ဒရှင်ပြည်သူများလာရောက် မဲပေးနိုင်ရေး မော်တော်ယာဉ်များ ဖြင့် ကြို/ပို့ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လုံခြုံရေးတာဝန်ရှိသူ များက ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး လုံခြုံရေး စနစ်တကျ ဆောင်ရွက်ပေးရန် မှာကြားသည်။

ထို့နောက် လောဓမ္မရပ်ကွက် မဲရုံအမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)မဲရုံတို့တွင် ပြည်သူ များ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှု အခြေအနေ၊ နမ့်ဘော်ဝမ် (က)ရပ်ကွက်မဲရုံ၊ နမ့်ဘော်ဝမ် (ခ)ရပ်ကွက်မဲရုံ၊ အောင်သီဟရပ်ကွက် မဲရုံနှင့် နာနတ်တော ရပ်ကွက်မဲရုံတို့တွင် ပြည်သူများ ဆန္ဒမဲပေးနေမှုနှင့် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး မဲဆန္ဒရှင်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက် မဲရုံအမှတ်(၁)၊ အမှတ်(၂)၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မဲရုံအမှတ်(၁)၊ မထောခူ ရပ်ကွက် မဲရုံအမှတ်(၁)၊ ဒေါတမ ရပ်ကွက် မဲရုံအမှတ်(၂)၊ ပန်ကန်း ကျေးရွာအုပ်စု မဲရုံအမှတ်(၁)တို့သို့ သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှု၊ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေမှု အခြေအနေများနှင့် မဲရုံများတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများအတွက် သောက်ရေသန့်၊ အချိုရည်နှင့် မုန့်များ ပေးဝေလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးပြီး မဲဆန္ဒရှင် ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားသည်။

ကယားပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင် လွိုင်ကော်မြို့နယ်၌ မဲရုံ ၈၂ ရုံ၊ ဘောလခဲမြို့နယ်၌ မဲရုံခြောက်ရုံဖြင့် ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင် ပြည်သူများက စိတ်အားထက်သန်စွာဖြင့် တစ်ခဲနက် လာရောက် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)