လွိုင်ကော် ၃ ဇွန်
ကယားပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လွိုင်ကော်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင်ဆိုင်ရာကိစ္စရပ်များ၊ မိသားစု အခက်အခဲများကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့နံနက် ( ၉ ) နာရီခွဲ က လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမဆောင်၌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုတွေ့ဆုံရခြင်းမှာ အားပေးလို၍ ဖြစ်ပြီး ပညာရေး မိသားစုဝင်များ၊ ဆရာ၊ ဆရာမများအတွက် ထိရောက်စွာပံ့ပိုးပေးလို ၍ဖြစ်ကြောင်း၊ မြေပြင် အခြေအနေတွင် တွေ့ကြုံနေရသည့် အခက်အခဲစိန်ခေါ်မှုများကို ဖြေရှင်းပေးလို၍ လာရောက်တွေ့ ဆုံခြင်းဖြစ်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးရန် ရှိသည်များကို ပေါင်းစပ်ဆောင်ရွက်ပေးရန်နိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ၏ (၃)နှစ် ကာလအတွင်း ဆောင်ရွက်ချက်များအပေါ် ပြီးပြည့်စုံ သည်ဟု မသတ်မှတ်ပါကြောင်း၊ အဆင့်မြင့် ပညာဦးစီးဌာနများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးလို၍ ဖြစ်ကြောင်း၊ မူဝါဒများနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် အောက်ခြေအဆင့်များမှ ကောင်းမွန်သည့် အကြံဉာဏ်များကိုလည်း ရယူနိုင်ကြရန်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ တစ်ရပ်တည်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ကြောင်း၊ အဆင့်ဆင့်သော တာဝန်ရှိသူများအားလုံးက ပူးပေါင်း၍ စည်းလုံးစွာ ဆောင်ရွက်ကြမှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းစသည်ဖြင့်ပြောကြားသွားပါသည်။

ဆက်လက်၍ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဌေးအောင်က လွိုင်ကော်တက္ကသိုလ် ဆိုင်ရာအချက်အလက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက် လာသော ဆရာ/ဆရာမများနှင့် ဝန်ထမ်းမိသားစုများက လိုအပ်ချက်များ၊အခက်အခဲများကို အသီးသီးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖြည့်ဆည်း ဖော်ဆောင်ပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် လွိုင်ကော်တက္ကသိုလ်ရှိ ဆရာ/ ဆရာမများ အသုံးပြုရန်အတွက် မော်တော်ယာဉ် (၁)စီး၊ ဘူမိဗေဒဌာနပြတိုက် ခင်းကျင်းပြသနိုင်ရန်အတွက် ငွေကျပ်(၇)သိန်း၊ လွိုင်ကော် တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုရန်အတွက် ရေသန့်စက် တပ်ဆင်ရန် ငွေကျပ်(၂၈)သိန်း၊ မန်ချက်စတာတက္ကသိုလ်မှ အင်္ဂလိပ်စာ လာရောက်ပို့ချ မည့် ဆရာ၊ ဆရာမ လာရောက်စဉ် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (၁၅)သိန်း စုစုပေါင်း ငွေကျပ်သိန်း(၅၀) တိတိ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွိုင်ကော်ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင် များ စုံလင်စွာ တက်ရောက်ခဲ့ကြောင်းသိရသည်။
လွိုင်ကော်သား