မယ်စဲ့ ၁၅ ဩဂုတ်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်တို့နှင့်အတူ ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ မယ်စဲ့မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နစ်နာမှုများ ရှိသည့်အတွက် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ရာ မယ်စဲ့မြို့နယ်အတွင်းရှိ ထောက်ပံ့မှုရရှိသည့် မိသားစုဝင်များအနေဖြင့် အတိုင်းအတာတစ်ခုထိ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း၊ ကယားပြည်နယ်တွင် ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသေးသည့်အတွက် နယ်စပ်အဝင်၊ အထွက်ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့ဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက်နေမှုများကို အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်တစ်ခုလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူအားလုံးမြင်တွေ့ သိရှိနိုင်ကြောင်း၊ မကြာခင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေးနှင့် ပြည်သူများအားလုံး လိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီအရွေ့တစ်ခုကို လျှောက်လှမ်းရာတွင် အမြင်အကျယ်ကျယ်ဖြင့် ချစ်ခြင်းမေတ္တာများ အပြန်အလှန်ထားကာ ဝိုင်းဝန်းပူးပေါင်း ဖော်ဆောင် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မယ်စဲ့မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၅၇၄ စုအတွက် ငွေကျပ် ၁၁၄၈၀၀၀၀ ကို ထောက်ပံ့ငွေရရှိသူများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)