ရန်ကုန် မေ ၁
လာမည့် မေလတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် သတိပြုရန် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဦးလှထွန်းက ပြောသည်။
မုတ်သုန်ဝင်လုနီး ကာလများတွင် အပူရှိန်မြင့်တက်သည့်အတွက် မိုးတိမ်တောင်များ အားကောင်းတတ်ပြီး ယခု ကာလတွင် အပူရှိန်ပြင်းနေသည့်အတွက် မိုးတိမ်တောင်များ ဖြစ်ပေါ်ဖွယ်ရှိကြောင်းလည်း သိရသည်။
" မိုးကြိုးမုန်တိုင်းကတော့ ဒီအချိန်ပူပြင်းတဲ့ မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းတဲ့ အခုလိုပူတဲ့ကာလတွေ၊ နောက်မုတ်သုန်အဝင်ပေါ့။ မုတ်သုန်ဝင်ကာနီးကာလတွေ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်မှုအားကောင်းတယ်ပေါ့ ။ အကြမ်းဖျဥ်းတော့ မိုးကြိုကာလ ဧပြီ၊ မေ ပေါ့။ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုများကာလတွေ အပူပြန်တက်တိမ် ဖြစ်ထွန်းမှုကာလ ဒီဧပြီနဲ့မေလပေါ့။ နောက်တစ်ခါ မုတ်သုန်ထွက်ပြီးလို့ရှိရင် အပူရှိန်ပြန်တက်မှုတွေ များပြီးတော့ မိုးတိမ်တောင်တွေ အားကောင်းရင် မိုးကြိုးမုန်တိုင်းတွေဖြစ်မယ်ပေါ့ "ဟု ဦးလှထွန်းက ဆိုသည်။
ယခုနောက်ပိုင်း ကာလများတွင် မုတ်သုန်လေ အားနည်းသည့် အတွက် အပူရှိန်များကာ အပူပျံတက်သည့် အတွက်သည့် မိုးကြိုးမုန်တိုင်း တိုးလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"မုတ်သုန်ကာလကတော့ အများသောအားဖြင့်က မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်မှုနည်းတယ်။ ပုံမှန်ဆိုရင်တော့ လျော့တယ်၊ မဖြစ်သလောက်ပေါ့။ သို့သော် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်မှုက အပူနဲ့ဆက်စပ်တယ်။ ဒီရာသီဥတုက အခုနောက်ပိုင်းနှစ်တွေဆို မုတ်သုန်ကာလမှာလည်း မုတ်သုန်အားမကောင်းဘူး။ မုတ်သုန်အားနည်းသွားပြီဆိုရင်တော့ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်မှုက ပြန်ဖြစ်လာတယ်။ မုတ်သုန်အား ကောင်းနေရင်တော့ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်မှု လျော့နည်းတယ်။ မုတ်သုန်လျော့အားနည်းသွားတာနဲ့ မိုးလည်းလျော့သွားတာနဲ့ ခုနောက်ပိုင်းနှစ်တွေကိုကြည့်ရရင် အပူတွေက ပြန်တက်လာတယ်။ ပြန်တက်လာလို့ရှိရင် မိုးတိမ်တောင်ဖြစ်ပေါ်မှုများတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုဆိုတာ တကယ်တမ်း မိုးကြိုးတိမ်တိုက်လို့ ကျွန်တော်တို့ပြောလို့ရတယ်။ မိုးကြိုးတိမ်တိုက်လို့ ကျွန်တော်တို့ခေါ်တာပေါ့။ သူကတော့တစ်ပြည်လုံး လိုလိုသတိထားရမယ် " ဟု ဦးလှထွန်းက ဆက်လက်ရှင်းပြသည်။
ထို့အပြင် လာမည့်မိုးရာသီ၌ မိုးဦးကာလတွင် မုတ်သုန်နောက်ကျကာ မိုးလယ်ကာလတွင်လည်း ပုံမှန်မုတ်သုန်သာရှိနေပြီး၊ မိုးနှောင်းကာလတွင် မုတ်သုန်အထွက်စောနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှသိရသည်။
Thit Taw