လားရှိုး ၇ ဇူလိုင်

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တည်ဆောက်လျက်ရှိသည့် RC (၆)ထပ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းတည်ဆောက်ပြီးစီးမှုများအား ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

452

 

 

အဆိုပါ အဆောက်အဦအား မြန်မာ့ကြယ်စင်လင်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်နေပြီး ကလေးစာဖတ်ခန်း၊ ကွန်ပျူတာသင်တန်းခန်းမ၊ ခန္တာကိုယ်အတွက် ကျန်းမာရေးလေ့ကျင့်ရေးနေရာများ၊ အစည်းအဝေးခန်းမနှင့် ဘာသာစကားသင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ စာကြည့်တိုက်၊ ရုံးခန်းများပါဝင်မည်ဖြစ်ကာ ဆောက်လုပ်ပြီးစီးနေမှု (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

 

အဆောက်အဦအား ဖွင့်လှစ်ပြီးပါက ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့်လည်း အဆိုပါလူထုအခြေပြုဗဟိုဌာနကို အသုံးပြုနိုင်မည်ဖြစ်သည်။

 

 

လုပ်ငန်းပြီးစီးမှုနှင့်ပတ်သက်၍ မြန်မာ့ကြယ်စင်လင်း ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဧရာလင်းက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က အဆောက်အဦ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ လေ့လာတွေ့ရှိချက်မျာနှင့် ဖြည့်စွက်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စစ်ဆေးကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မှာကြားခဲ့သည်။

 

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရပ်ကွက် ထင်းရှူးမြိုင်အိမ်ရာဝင်းအတွင်းရှိ လားရှိုးခရိုင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးနေမှုအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

 

ဟန်ဌေး(လားရှိုး)