လားရှိုး ၁၄ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ဇူလိုင် ယနေ့ နံနက် ၉ နာရီက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း လက်ခံစိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကျင်းပရာ၌ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ခေါင်းဆောင် ဦးလုပ်ယွန်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မောင်ရွှေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ ပုံစံ(၇)၊ ပုံစံ(၇-က)နှင့် ကိုယ်ရေးမှတ်တမ်း အကျဉ်းချုံးပုံစံများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်လင်းပြေကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ(၁၅)ခုတို့အား တာဝန်ရှိသူတို့က အဆိုပါပုံစံများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းကြရာ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မတီမှ တာဝန်ရှိသူများ၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသာနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ကချင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ "ဝ" အမျိုးသားပါတီတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


