လားရှိုး ၂၂ အောက်တိုဘာ
လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အောက်တိုဘာ(၂၂)ရက် နံနက်(၁၀)နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါကြောင့် မိမိမဲဆန္ဒနယ်သို့မပြန်နိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲဆန္ဒရှင်များ ဆန္ဒမဲလာရောက်ပေးနေကြောင်း သိရှိရသည်။
အဆိုပါပုံစံ(၁၅)ကို အောက်တိုဘာ(၁၀)ရက်မှ(၂၅)ရက်နေ့အထိ လျှောက်ထားနိုင်ပြီး အောက်တိုဘာ (၂၂)ရက်က မဲဆန္ဒရှင်(၄)ဦးတို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကာ ကြိုတင်မဲပေးခဲ့ကြပြီး အဆိုပါဆန္ဒမဲလက်မှတ်များကို မဲဆန္ဒရှင်များကိုယ်တိုင်ချိတ်ပိတ်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် အဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အဆိုပါဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များဖြစ်သော ပြည်နယ်တိုင်းမြို့နယ်များအရောက်သက်ဆိုင်လမ်းကြောင်းများမှ ပို့ဆောင်ပေးနေ ပြီးမိမိမဲဆန္ဒနယ်များအတွက်လည်း လက်ခံနေကြောင်းသိရှိရသည်။
ပုံစံ(၁၅) ကြိုတင်မဲလက်မှတ်များကို နိုဝင်ဘာ(၈)ရက် ညနေ(၄)နာရီအချိန်အထိ လက်ခံကြောင်း သိရသည်။
လားရှိုးမြို့နယ် အနေဖြင့် မဲရုံပေါင်း(၁၅၀)ရုံရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရုံမပြုလုပ်နိုင်ကြောင်း အကြောင်းကြားထားသောမဲရုံ(၇)ရှိကြောင်း သိရှိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ ကြိုတင်မဲဆန္ဒရှင်များမဲပေးမှုကို အောက်တိုဘာ(၁၃)ရက်နေ့က စတင်လက်ခံခဲ့ရာ အောက်တိုဘာ (၂၂)ရက်နေ့နံနက်ပိုင်းအထိ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ အစောင်ရေစုစုပေါင်း (၆၆၇)စောင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ကြိုတင်မဲဆန္ဒပုံးသို့ရောက်ရှိနေပြီးဖြစ်ပြီး အဆိုပါမဲဆန္ဒရှင်များ၌ တပ်ရင်းတပ်ဖွဲ့များ၊ သင်တန်းသားများ၊ အချုပ်သားများ၊ ပြည်ပရောက်မဲဆန္ဒရှင်များ၏ လက်မှတ်များပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဟေမာလွင်ထံမှ သိရှိရသည်။
ဟန်ဌေး(လားရှိုး)


