လားရှိုး မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်နှင့် တက္ကသိုလ်များကို မေ ၁၂ ရက်က စတင်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနေပြီဖြစ်သည်။
လားရှိုးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ ပထမနှစ်(ပထမနှစ်ဝက်)နှင့် ပထမနှစ် (ဒုတိယနှစ်ဝက်) အတန်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းတွင် ၈၂ ဦး၊ ပထမနှစ်(ဒုတိယနှစ်ဝက်) သင်တန်းတွင် ၆၃ ဦး တက်ရောက်လျက် ရှိကြောင်းသိရသည်။ လားရှိုးပညာရေးဒီဂရီကောလိပ်၌ ဧပြီ ၂၀ ရက်မှ စတင်ဖွင့်လှစ်သော ပညာရေးဘွဲ့(B.Ed စာပေးစာယူ) အမှတ်စဉ် ၁/၂၂ သင်တန်းတွင် ကျောင်းသား ၂၃ ဦး၊ ကျောင်းသူ ၃၀၈ ဦး စုစုပေါင်း ၃၃၁ ဦး တက်ရောက်လျက်ရှိသည်။
လားရှိုးနည်းပညာတက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်းအောင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်ဝင်ခွင့်ရသင်တန်းများ၊ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၏ လက်ကျန်တန်းများ ဖြစ်သည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်အတန်းများ ၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် နောက်ဆုံးနှစ် သင်တန်းများအား ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဘာသာရပ် ဌာနမှူးများက ဘာသာရပ်ဆိုင်ရာများ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်၊ လားရှိုးကွန်ပျူတာတက္ကသိုလ်တို့တွင်လည်း ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)