လားရှိုး  ၂၇  သြဂုတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူနှင့် အကြားအာရုံမသန်စွမ်းသူ စုစုပေါင် (၈၅၀၂)ဦးရှိပါကြောင်း၊ လားရှိုးမြို့ပေါ်ရှိ မသန်စွမ်းသူများကို တစ်ဦးလျှင် ထောက်ပံ့ပစ္စည်း (၅)မျိုး တန်ဖိုး (ကျပ် တစ်သောင်းခုနှစ်ထောင်) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် လားရှိုးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများမှာ ကိုယ်အင်္ဂါ မသန်စွမ်းပြည်သူ ၅ ဦး၊ ဉာဏ်ရည်မသန်စွမ်း ပြည်သူ ၅ ဦး၊ အမြင်အာရုံ မသန်စွမ်းပြည်သူ ၅ ဦး၊ အကြားအာရုံ မသန်စွမ်းပြည်သူ ၅ ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက် ကုသနေသော လူနာများအား လှည့်လည်ကြည့်ရှု၍ ကြက်ခြေနီတပ်ဖွဲ့နှင့် လားရှိုးဆေးရုံရှိ ဆရာ၊ ဆရာမများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း ၂၀ စီကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ 

 

(ခရိုင် ပြန်/ဆက်)