လားရှိုး ၂၂ ဩဂုတ်
လားရှိုးမြို့ လားရှိုးကြီးမီးပွိုင့်လမ်းဆုံမှစတင်၍ လားရှိုးမြို့မစျေးကြီးရှေ့တို့၌ ဩဂုတ် ၂၁ ရက် နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးခရိုင် အဆင့်ကော်မတီနှင့် မြို့နယ်အဆင့် ကော်မတီတို့ ပူးပေါင်း၍ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များပါဝင်ကာ ပြည်သူများထံသို့ နှာခေါင်းစည်းများ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက နှာခေါင်းစည်းအခု ၄၀၀၀ နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းများနှင့် ပတ်သက်ပြီး ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ကြေညာခဲ့ကြကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


