လဲချား ၂၆ နိုဝင်ဘာ
ရှမ်းပြည်နယ်တောင်းပိုင်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်းအမြစ်များမှ ရေနမူနာများရယူကာ အီကိုလိုင်(Ecoli)ဘက်တီးရီးယားပိုးပါဝင်မှုရှိမရှိ ရေအရည်အသွေးများကို Ecoli Test Kit ဖြင့် စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စစ်ဆေးပေးရာတွင် လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းနှင့် ၀န်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်းကာ ဒေသခံပြည်သူများ၏ နေ့စဉ်သောက်သုံး လျက်ရှိသော အများသုံးနေရာများမှ ရေနမူနာများကိုရယူပြီး ရေထဲတွင် အီကိုလိုင်(Ecoli)ဘက်တီရီယားပိုး၊ လူနှင့် တိရစ္ဆာန် အညစ်အကြေးဓာတ်ပါဝင်မှုကို စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
လဲချားမြို့နယ်အနေဖြင့် မြို့နယ်အတွင်း ကျေးရွာပေါင်း (၁၂၄)ရွာရှိသည့်အနက် ကနဦးအနေဖြင့် ကျေးရွာပေါင်း (၅၀)ရွာ၏ အများသုံးနေရာများမှ နေ့စဉ်သုံးစွဲလျက်ရှိသည့် ရေအရင်းအမြစ်များကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်ခက်စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း လဲချားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်း ကပြောပြ၍ သိရသည်။
ငြိမ်းသူ


