ရန်ကုန် မတ် ၂၉
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက် မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှား နေရာဌာနများနှင့် ကြည်ညိုဖွယ်ရာပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှု ကြည်ညိုပူဇော်နိုင်ရန်အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံမြတ်ရွှေတိဂုံ” ဓါတ်ပုံပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် စေတီတော်ရင်ပြင်မြောက်ဘက် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေး က ဓာတ်ပုံပြပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ နှင့် ဓါတ်ပုံပြပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ တို့က ဓါတ်ပုံပြပွဲအခမ်းအနားကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့် ရှုကြသည်။
ဓာတ်ပုံပြပွဲကို ယနေ့မှ ဧပြီ ၄ရက်အထိ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးလာအများပြည်သူတို့ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလတ်-MNA