လောက်ကိုင် ၂၀ ဩဂုတ်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ဆင့်ကိုင်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relif Plan (CERP)အရ စပါးမျိုးစေ့ ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးပြုစုစရိတ် ပထမအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆင့်ကိုင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က စပါး မျိုးစေ့ ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးပြုစုစရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဦးအောင်မျိုးဝေက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် COVID-19 Economic Relif Plan (CERP)အရ လောက်ကိုင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဧက ၁၅၀ နှင့် ကုန်းကြမ်းမြို့နယ်တွင် ဧက ၅၀ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တောင်သူများ ကိုယ်တိုင် စပါးမျိုးစေ့ထုတ်သည့်လုပ်ငန်း လုပ်ကိုင်၍ ဒေသတွင်း မျိုးစေ့အလွယ်တကူ ရရှိ အသုံးပြု နိုင်စေရန်နှင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလတွင် စပါးမျိုးစေ့ထုတ် စိုက်ပျိုးရေးအပေါ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် တစ်ဧကလျှင် မျိုးစေ့ဖိုး ငွေကျပ် ၈၅၀၀ နှင့် လုပ်အားခ ငွေကျပ် ၁၄၀၀၀၀ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး စီးပွားဖြစ် မျိုးသန့်မျိုးစေ့များ ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများ ကို စနစ်တကျ လိုက်ပါဆောင်ရွက်ကာ ဒေသတွင်း တောင်သူအချင်းချင်း စပါးမျိုးစေ့များ ဖြန့်ဖြူးဆောင် ရွက်ရန် နှင့် ယခု ပထမအကြိမ်အဖြစ်  တစ်ဧကလျှင် မျိုးစေ့ဖိုးကျပ် ၈၅၀၀ နှင့် စိုက်ပျိုးပြုစုစရိတ် ကျပ် ၇၅၀၀၀ အား တောင်သူတစ်ဦးချင်းသို့ ပေးအပ်သွားမည် ဖြစ်ပြီး ဒုတိယအကြိမ် မျိုးကွဲနုတ်စရိတ်အတွက် ကျပ် ၃၀၀၀၀၊ တတိယအကြိမ် မျိုးကွဲပယ်ရန်နှင့် မျိုးပြန်လည်သန့်စင်ရန်အတွက် ကျပ် ၃၅၀၀၀ အား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပထမအကြိမ် တစ်ဧက မျိုးစေ့ဖိုးကျပ် (၈၅၀၀)နှင့် စိုက်ပျိုးပြုစုစရိတ် ကျပ် (၇၅၀၀၀) အား ဆင့်ကိုင်ကျေးရွာ တောင်သူ (၅၂)ဦး၊ (၄၆) ဧက အတွက် ကျပ်(၃၈)သိန်းခန့်နှင့် ဟုန်စင်ချုံကျေးရွာ တောင်သူ (၈) ဦး၊ (၃၈) ဧက အတွက် ကျပ် (၃၂)သိန်းခန့်အား တောင်သူတစ်ဦးချင်းသို့ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇော်ဇော်အောင် (ပြန်/ဆက်)

 

mdn