လောက်ကိုင် ၂၂ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် စပါးမျိုးကွဲ နှုတ်ပယ်ကွင်း သရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးပြုစုစရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆီအောကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ဆီအောကျေးရွာ တောင်သူ ဒေါ်နန်စံခမ်း၏ စပါးမျိုးစေ့ထုတ် စိုက်ခင်း၌ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်ဖြူသွယ်နှင်းက စပါးမျိုးကွဲနှုတ်ပယ် ဆောင်ရွက်ချက် များနှင့် ပက်သက်၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်မှုများကို လေ့လာကြည့်ရှုခဲ့ကြပြီး မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က အဖွင့်အမှာစကား ပြောကြားရာတွင် စပါးမျိုးစေ့ထုတ် တောင်သူများအား COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ဒေသအနေဖြင့် စိုက်ပျိုးရေးသည် အဓိက စီးပွားရေး အရင်းအမြစ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပက်သက်၍ ပထမအကြိမ်အဖြစ် တစ်ဧကလျှင် မျိုးစေ့ဘိုးကျပ် ၈၅၀၀ နှင့် စိုက်ပျိုးပြုစုစရိတ် ၇၅၀၀၀ အား တောင်သူတစ်ဦးချင်းသို့ ပေးအပ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန် နှင့်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက မျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ်များ ထောက်ပံ့ပေးအပ်ရာ ဆီအောကျေးရွာ တောင်သူ ၃၁ ဦး၊ ၃၅ ဧက အတွက် သိန်း ၆၀ ခန့်၊ ဟဲဟော်ကျေးရွာ တောင်သူ ၁၃ ဦး၊ ၁၅ ဧကအတွက် ၁၃ သိန်းခန့်နှင့် မန်ဆိုင်းကျေးရွာ တောင်သူ ၈ ဦး၊ ၁၆ ဧက အတွက် ၁၃ သိန်းခန့်အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)