ညောင်ဦး  ၂၃   သြဂုတ် 


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ခြံခတ်မွေးမြူထားသော ကြယ်လိပ်များကို  သြဂုတ် ၁၅ ရက်မှ သြဂုတ် ၁၉ ရက်နေ့ထိ သံချဆေးရည် (Panacur) တိုက်ကျွေးခဲ့ပြီး ကြယ်လိပ်သေဆုံးမှုမရှိဘဲ အစာစားသောက်မှု ပိုကောင်းလာကြောင်း သိရသည်။


လောကနန္ဒာဘေးမဲ့တောဥယျာဉ်ထဲရှိ ခြံခတ်မွေးမြူထားသော ကြယ်လိပ်များထဲမှ ကြယ်လိပ်အကောင်ရေ ၃၉၀ အား  (WCS) Wildlife Conservation Society သားငှက်ထိန်းသိမ်းရေးအဖွဲ့ / (TSA)Turtle Survival Alliance လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ WCS/TSA မှ တိရစ္ဆာန်ဆေးကု ဆရာဝန်ဒေါတ်တင့်လွင်မှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ သိရသည်။


ကြယ်လိပ်များတွင် သံကြောင့်ဖြစ်တတ်သော သံလုံးကောင်ရောဂါကြောင့် ၂၀ဝ၇ ခုနှစ်က လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်များသေဆုံးရသည့်ဘေးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။


"၂၀ဝ၇ ခုနှစ် ကြယ်လိပ်များ သေဆုံးသည့် ဘေးကြုံပြီးတဲ့ အချိန်က ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှာ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ပြီး တိရစ္ဆာန်များကို ဂရုတစိုက်ကုပေးတတ်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါတ်တာ တင့်လွင်ကို အကူအညီတောင်းခဲ့ရပါတယ်။အဲဒီအချိန်က ဥယျာဉ်ရောက်တော့ ကြယ်လိပ်တွေ သေဆုံးရတဲ့အကြောင်းကို စစ်ဆေးခဲ့တော့ သံလုံးကောင်ရောဂါကြောင့် ဖြစ်ရတဲ့ ရောဂါလက္ခဏာကို တွေ့ရပြီး သံချဆေးတိုက်ကျွေးပြီး ကုသခဲ့ရပါတယ်။ အဲဒီအချိန်ထဲကစပြီး ကြယ်လိပ်တွေ မစင်ကနေ သံလုံးကောင်များပါရှိလာတဲ့အချိန် တစ်နှစ်တစ်ကြိမ် သံချဆေး တိုက်ကျွေးခဲ့တော့ နောက်ပိုင်း ကြယ်လိပ်အသေအပျောက် မရှိသလောက် နည်းပါးသွားပါတယ်။ ဒီသံချဆေးရည် (Panacur) က ပြည်တွင်းဈေးကွက်မှာ ဝယ်ယူမရတာကြောင့် စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို မှာယူရတာလို့လည်း ဒေါက်တာက ရှင်းပြလို့ သိရပါတယ်" ဟု လောကနန္ဒဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောကြားသည်။


သံချဆေးရည်သည် အရွယ်အစားစုံကြယ်လိပ်များကို ကျွေးနိုင်သော်လည်း ဆေးအာနိသင်ပြင်းထန်သဖြင့် အရွယ်ရောက်သောကြယ်လိပ် (၅ နှစ် အထက်)များကို ရွေးချယ်တိုက်ကျွေးရကြောင်း / ရာသီမရွေး တိုက်ကျွေးနိုင်သော်လည်း မိုးရာသီတွင် တိုက်ကျွေးခြင်းက အကောင်ဆုံးဖြစ်ကြောင်းနှင့် ၅ နှစ်အထက် အရွယ်ရောက်ပြီး ကြယ်လိပ်များကို တိုက်ကျွေးမည်ဆိုလျှင်ပင် ဆေးမတိုက်ကျွေးမီ ကြယ်လိပ်များ၏ အလေးချိန်အား ချိန်တွယ်ရပြီး ကြယ်လိပ်များ၏ အလေးချိန်အလိုက် ဆေးရည်အား တိုင်းဆတိုက်ကျွေးရကြောင်းလည်း သိရသည်။


ညောင်ဦးမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်များအား ခြံခတ်မွေးမြူထားပြီး ဥယျာဉ်တွင် မွေးမြူထားသော ကြယ်လိပ်များမှာ ဂရုစိုက်ခြင်း ကာကွယ်ခြင်းများကြောင့် နှစ်စဉ်ပေါက်ဖွားနှုန်း ကောင်းမွန်ကာ ပြီးခဲ့သော နှစ်က ကြယ်လိပ် ပေါက်ဖွားမှု အကောင် ၁၀ဝ၀ ကျော်ခဲ့ကြောင်း သိရသည်။


ဘိုဘို(မလှိုင်)