ပွင့်ဖြူ   ၂၀   မေ     

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် ပျက်စီးခဲ့သည့် မဲဇလီကျေးရွာအုပ်စု၊ ကံဆွယ်ကျေးရွာအုပ်စုနှင့် အင်းဒေါင်းကျေးရွာအုပ်စုတို့မှ လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက လေဘေးသင့်ပြည်သူများကို နိုင်ငံတော်မှ လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများအနေဖြင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိရန်နှင့် လေဘေးဖြစ်ပွားပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့သွားရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မဲဇလီကျေးရွာအုပ်စု၊ ကံဆွယ်ကျေးရွာအုပ်စုနှင့် အင်းဒေါင်းကျေးရွာအုပ်စုတို့မှ တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးသည့် လူနေအိမ် ၁၂ လုံးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးကိုလည်းကောင်း၊  ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် တစ်လုံးအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုးကိုလည်းကောင်း၊ ဘုန်းတော်ကြီးတစ်ကျောင်း အမိုးလန်ပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းကို လည်းကောင်း၊ လေဘေးသင့် လူနေအိမ်များမှ လူဦးရေ ၄၈ ဦးအတွက် လူတစ်ဦးလျှင် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၁၀ဝ၈၀ဝ ကိုလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၄၀၈၀ဝ အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)