အမာ ၆ ဇူလိုင် 

 

အမာမြို့ဘဝသစ် ကျေးရွာအုပ်စု သမိန်ပုလဲကျေးရွာတွင် ယနေ့နံနက်(၁)နာရီအချိန်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းဆောင်ဟောင်းနှင့် စကူးလ်ရှက်တာကျောင်းဆောင်နှစ်ဆောင် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

နံနက် ၁ နာရီအချိန်ခန့်က လေပြင်းများနှင့် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး ကျောင်းရှေ့သစ်ပင်များ ကျိုးကျနေသောကြောင့် ကျေးရွာတာဝန်ရှိသူများ ကျောင်းကော်မတီဝင်များနှင့် တာဝန်ခံကျောင်းဆရာ ဦးပြည့်ဖြိုးတို့မှ စစ်ဆေးခဲ့ရာ သမိန်ပုလဲ မူလွန်ကျောင်းဆောင်ဟောင်း အလျားပေ ၆၀၊ အနံပေ ၃၀၊ အဆောင်အမိုးသွပ် (၁)ချပ် လန်နေကြောင်း အလျားပေ ၆၀၊ အနံပေ ၃၀ ရှိစကူးလ်ရှက်တာကျောင်းဆောင်ဘယ်ဘက်ခြမ်းအမိုးသွပ်အချပ် ၂၀ လန်၍ ထုတ်ယောက်ဒိုင်းမြှား(၃)ချောင်းခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း တွေ့ရသည်။

 

ဖြစ်စဉ်အား ဘဝသစ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကြာစိန်မှတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများသို့ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနှင့်တရိစ္ဆာန်သေဆုံးမှုမရှိဘဲ ကျောင်းဆောင်နှစ်ဆောင် အမိုးလန်မျက်နှာကြက် ကျိုးပဲ့ပျက်စီးဆုံးရှုံးမှု တန်ဖိုး(၆၅၀ဝ၀ဝ)ခန့်ဖြစ်ကြောင်း ကျောင်းပြန်တက်ချိန် ကျောင်းသားကလေးငယ်များ အချိန်မီစာသင်ကြားနိုင်ရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံများ ကျောင်းကော်မတီဝင်များနှင့် ယာယီတာဝန်ခံဆရာ ဦးပြည့်ဖြိုးတို့မှ စီစဉ်ဆောင်ရွက်နေပြီး ပညာရေးဌာနသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)