ရန်ကုန် ၁၈ မေ
လေးကျွန်းသူအဖွဲ့ အသင်းသူများ၏ ကဆုန်လပြည့် ဗုဒ္ဓအဘိသေက အနေကဇာတင်မင်္ဂလာပွဲနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ကျင်းပသည်။
ရှေးဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များက ဗုဒ္ဓအဘိသေကအနေက ဇာတင်တော်မူကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် (၁)ဆရာတော် ဘဒ္ဒန္တဓမ္မာစာရထံမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ခင်မိမိကြွယ် ဂေါပကအဖွဲ့ဝင်များနှင့် လေးကျွန်းသူအဖွဲ့ အသင်းသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ်ရန် လေးကျွန်းသူအဖွဲ့ အသင်းသူများက (၉)လက်မပတ်လည် ရွှေပြား(၂)ချက်အား စုပေါင်းပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံယူကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် (၁)ဆရာတော် ဘဒ္ဒန္တဓမ္မာစာရထံမှ ရေစက်ချအနုမောဒနာ တရားတော်များ နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် လေးကျွန်းသူအဖွဲ့ သင်းသူမိသားစုက ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဗောဓိညောင်ပင်၌ စတုတ္ထအကြိမ်မြောက် ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ဘုရားဖူးလာကြသူများအား စတုဒိသာများ ကျွေးမွေးလှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ဓါတ်ပုံ- ဇော်မင်းလတ်(MNA)