မန္တလေး ၁၃ စက်တင်ဘာ

မြန်မာမှုလက်ရာများတွင် နိုင်ငံခြားသားများ နှစ်သက်သောပစ္စည်းတစ်ခုမှာ ရွှေချည်ထိုး ပန်းချီကားများပင် ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းတွင် နှစ်မျိုးနှစ်စားရှိသည်။ ပြည်ပဈေးကွက်ကို အဓိကထားသည့် ရွှေချည်ထိုးပန်းချီကားလုပ်ငန်းနှင့် ပြည်တွင်းအလှူပွဲများ ရှင်လောင်းလှည့်ရာတွင် အသုံးပြုသည့် မောင်ရင်လောင်းနားဖောက်သည်သုံး မာတိကာတန်ဆာ ရွှေချည်ထိုးလုပ်ငန်းပင်ဖြစ်သည်။

ရွှေချည်ထိုးလုပ်ငန်းနှစ်ခုမှာ အခြေခံအားဖြင့် တူညီကြသည်။ မာတိကာတန်ဆာများအတွက် ပိုးဖဲစကို အသုံးပြုကာ တောင်ရှည်လုံချည်နှင့် နားထွင်ဝတ်လုံချည်များ ရှေ့ဝင်းနောက်ဝင်းများအတွက် ကိုဒီဇိုင်းအမျိုးမျိုး ပြုလုပ်ကြသည်။ 

ရွှေချည်ထိုးပန်းချီကားများမှာ မြန်မာ့လက်မှုအနုပညာ စစ်စစ်ဖြစ်ပြီး မြန်မာယဉ်ကျေးမှုနှင့် ဆက်စပ်နေသော သဘာဝကျသည့် ပန်းချီကားများကို ပြုလုပ်လေ့ရှိသည်။ ရွှေချည်ထိုးပန်းချီကားတစ်ချပ် ဖြစ်ပေါ်လာရေးအတွက် အဆင့်ဆင့်လုပ်ဆောင်ရသည်။ ပထမဦးစွာ ပိတ်စကိုချုပ်ကာ ပေါင်ကြပ်ရသည်။ ပေါင်ကြပ်ပြီးသားပေါ်တွင် လိုအပ်သည့်ပုံများကို ပန်းချီဆွဲပေးရသည်။ ပန်းချီဆွဲပြီသည်နှင့် ရွှေကြိုး၊ ငွေကြိုး၊ ပုလဲ၊ သဒ္ဒါစေ့၊ ကြယ်ပြား၊ ကြယ်ခုံး၊ ရွှေလုံး၊ ငွေလုံးကြိုးများမှအစ ရွှေချည်ထိုး ပစ္စည်းများကို အပ်ချည်ဖြင့် သီချုပ်ပေးရသည်။

ရွှေချည်ထိုးပြီးသည်နှင့် ခွင်ချခြင်းများပြုလုပ်ပြီး ခွင်အတွင်းရွှေချည်ထိုး ပန်းချီကားကိုကပ်ကာ ချုပ်ပေးခြင်း ဖောင်းကြွဖြစ်စေရန် ဂွမ်းထိုးခြင်းနောက်ပိတ်ပိတ်ခြင်းမှ အစအနုစိပ်လုပ်ဆောင်ရသည်။ ရွှေချည်ထိုးပန်းချီကားများကို နိုင်ငံခြားဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် အနုစိပ်ဒီဇိုင်းများကို ရွေးချယ်ပြုလုပ်ရသည်။ ယခင် ဈေးကွက်ကောင်းစဉ်အချိန်က နိုင်ငံခြားသားများ ကြိုက်နှစ်သက်သည့်အတွက် အများစုအော်ဒါမှာယူသောပန်းချီကား အမျိုးအစားလေးဆယ်ခန့်ကို အဓိကအားထား ပြုလုပ်ကြသည်။ ရွှေချည်ထိုးပန်းချီကား ဖန်တီးလုပ်ဆောင်မှုမှာ အနုစိပ်ကြရသည်။

နိုင်ငံခြားသားများ အဝယ်များသည့် မြန်မာမှုပုံရိပ်ပါ ရွှေချည်ထိုးပန်းချီကားများမှာ ရွှေတိဂုံပုံ၊ မြန်မာ့ဆိုင်းဝိုင်းပုံ၊ ဒေါင်းပုံ၊ မြန်မာ့နွားလှည်းပုံ၊ ကရဝိတ်ပုံ၊ ကိန္နရီကိန္နရာပုံ၊ ဆွမ်းခံကြွပုံ၊ ရှင်လောင်းလှည့်ပုံ၊ အိုးစည်ဒိုးပတ်ပုံ၊ သမင်အုပ်ပုံ၊ ရုပ်သေးပုံနှစ်ပါးသွားပုံ၊ ရှုခင်းပုံများနှင့် အခြားအမျိုးအစားများစွာကို ပြုလုပ်ကြရသည်။ မြန်မာ့ရွှေချည်ထိုး အဓိကဈေးကွက်မှာ ရန်ကုန်မြို့ပင်ဖြစ်ပြီး အရောင်းပြခန်းများဖြင့် ခမ်းနားစွာရောင်းချကြသည်။ ပြည်တွင်းသုံး မာတိကာတန်ဆာအတွက် ရွှေချည်ထိုးခြင်းနှင့် ရွှေချည်ထိုးပန်းချီကား ပြုလုပ်ခြင်းလုပ်ငန်းများကို  အိမ်ထောင်ရှင်များ အိမ်မှုကိစ္စပြုလုပ်ရင်းသာ အပိုဝင်ငွေရရှိအောင် ပြုလုပ်ကြသော လုပ်ငန်းအဖြစ် တည်ရှိနေသည်။

တိမ်တမန်