လေးမျက်နှာ  ၂၂    ဇွန်  

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပညာရေးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးက အဖွင့်အမှာစကားပြောကြားရာ အမျိုးသမီးရေးရာအဖွဲ့ရဲ့အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေးလုပ်ငန်းစဉ် (၇)ရက်တွင်ပါဝင်သည့် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရန် ရှေးလုပ်ငန်းနှင့်အညီ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ ကလေးသူငယ်များရဲ့ စွမ်းရည်မြှင့်တင်ရေး အကြမ်းဖက်ခံရပါက မိမိကိုယ် မိမိကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းပြီးမြောက်သည်အထိ သေသေချာချာလေ့လာသင်ယူကြရန် နိုင်ငံဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်းများဖြစ်ပေါ်လာစေရန် ကြိုးစားအားထုတ်၍ လေ့လာသင်ယူစေရန် တိုက်တွန်းမှာကြားခဲ့သည်။ 

 

ထို့နောက် မြို့နယ်အားကစားမှူး ဦးတေဇာမျိုးက သင်တန်းဖွင့်လှစ်သင်ကြားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအား ကိုယ်ခံပညာကို တတ်ကျွမ်းစေရန် မြန်မာ့သိုင်းပညာ ရပ်ပြန့်ပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆပ်လက်၍ ဟင်္သာတမြို့ အ.ထ.က (၃)မှ ကျောင်းသူသုံးဦးက ကိုယ်ခံပညာအားကစားနည်းများအား သရုပ်ပြသပြီး ဟင်္သာတခရိုင်မှ နည်းပြဆရာကြီး ဦးလှမြင့်နှင့် မြန်မာ့သိုင်းအဖွဲ့ချုပ် ဦးကျော်ကျော်သူ (ဌာနခွဲမှူး) တို့က မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်၏ ဘန်ဒိုအပိုင်း(၁)ဖြစ်သော အခြေခံသိုင်းပညာ(၆၃)မောင်း ကစားနည်းများအား သင်တန်းသားသင်တန်းသူ (၁၂၆)ဦးတို့ကို ဇွန် ၂၂ ရက်မှ ဇူလိုင် ၁၄ ရက်အထိ အပတ်စဉ် စနေ တနင်္ဂနွေနေ့တို့တွင် လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


                                
 ရွှေမိုး(ပြန်ဆက်)