လေးမျက်နှာ ၆ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကျက်သရေဆောင် အနော်ရထာ မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီးအား ကမ်းပြို၊ ကမ်းစားမှုကြောင့် (၂၀၁၉ - ၂၀၂၀)ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရေးပေါ်ရန်ပုံငွေဖြင့် ဘုရားကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို (ACE  Geo former) နည်းပညာဖြင့် ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘုရားကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရေးပေါ်ရန်ပုံငွေကျပ်သန်း (၃၁၅) သန်းဖြင့် တင်ဒါအောင် Creation ကုမ္မဏီက ဖေဖေါ်ဝါရီ ဒုတိယပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  အလျားပေ (၁၀ဝ)၊ အနံ(၁၃၅)ပေရှိ မြစ်ကမ်းပါးထိပ်မှ မြစ်အောက်ခြေ ကြမ်းခင်းအထိ RC ကွန်ကရစ်နံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ (၈)လက်မထု ကွန်ကရစ်မွေ့ရာဖုံးအုပ်ကာကွယ်ခြင်းနည်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ပထမပတ်တွင် ဘုရားကမ်းပြို၊ ကမ်းစားကာကွယ်ရေး လုပ်ငန်းများအားလုံး (၁၀ဝ)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ် စသည့် ကမ်းပါးကမ်းနားမှ ကျေးရွာများတွင် ရေတိုက်စား ကမ်းပြိုမှုများကို လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများတင်ပြလာမှုအပေါ် ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရထံ ဘတ် ဂျက်တောင်းခံကာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ရွှေမိုး(ပြန်/ဆက်)