လေးမျက်နှာ ၁၈ စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပျံ့ပွားမှု မြှင့်တက်‌နေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးငယ်များနှင့် စာပေချစ်ပြည်သူများအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများနှင့် အထွေထွေဗဟုသုတရရှိစေမည့် အခြားအသိပညာပေးအစီအစဉ်များကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း လေးမျက်နှာမြို့နယ်ပြန်/ဆက်စာကြည့်တိုက်ကို ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် လေးမျက်နှာမြို့ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Laymyethnar Page တို့မှ Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း စာပေချစ်မြတ်နိုးသူ မိဘပြည်သူများအတွက် စာအုပ်/စာစောင်များ မိတ်ဆက်ပေးခြင်း၊ လူထုအခြေပြု အသိပညာပေး Talk Show အစီအစဉ်များအား တင်ဆက်ပေးခြင်း စသည့် အခြားစိတ်ဝင်စားဖွယ်ရာ ပြည်သူ့အကျိုးပြုအစီအစဉ်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သောပြည်သူများအတွက် Online မှ တစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရေး၊ ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရေးနှင့် အပြောစွမ်းရည်များ ပိုမိုတိုးတက်ရရှိလာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်ထံမှ သိရသည်။

 

ရွှေမိုး(ပြန်/ဆက်)