လေးမျက်နှာ ၃၀  သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19 ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကြီးမြင့်က ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID-19 ကာလအတွင်း လေးမျက်နှာမြို့နယ်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော COVID-19 ကော်မတီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများဖြစ်သည့် အင်္ကျီ(၁၆)ထည်နှင့် ထီး(၁၆)လက်ကို လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းမိသားစုများအား ချီးမြှင့်ငွေကျပ်(၅၀၀၀၀)ကို လည်းကောင်း၊  မြို့နယ်ရဲတပ်ဖွဲ့အတွက် ဆန်အိတ် (၃၀)၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနအတွက် ဆန်အိတ်(၅၀)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် ဆန်(၁၀)အိတ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်(၁၀)အိတ်၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဆန်(၁၀)အိတ်၊ မြို့နယ် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးကျောင်းအတွက် ဆန်(၁၀)အိတ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အရန်ဆန်အဖြစ် ဆန်အိတ်(၃၀)တို့ကို လည်းကောင်း၊ စုစုပေါင်း ဆန်အိတ်(၁၅၀)တို့အား လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကြီးမြင့်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ မြို့နယ် COVID-19 ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ COVID-19 ကော်မတီအတွင်းရေးမှူး ဒေါက်တာစုစုလှိုင်နှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူကြပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန်ပြန့် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်)ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)မှ နာယကကြီး ဦးနေဝင်း+ဒေါ်ခင်သင်းလွင် (ဝင်းကမ္ဘာလျှပ် စစ်ပစ္စည်းရောင်းဝယ်ရေး၊ ရန်ကုန်)မှ COVID-19 ကာလအတွင်း လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေသည့် လူနာ(၃၆)ဦး၊ အိုင်သပြုဆေးရုံတွင် လူနာ(၈)ဦး၊ လှော်ကထားဆေးရုံတွင် လူနာ(၄)ဦး စုစုပေါင်း လူနာ(၄၈)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၄၈၀၀၀၀)ကို လည်းကောင်း၊ အန်ထရာဆောင်းရိုက်ရန် ငွေကြေးအခက်အခဲဖြစ်နေသည့် အမျိုးသမီး(လူနာ) တစ်ဦးအတွက် ထပ်ဆောင်းထောက်ပံ့ငွေကျပ် (၅၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၃၀၀၀၀)အား နာယကကြီးကိုယ်စား လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများက လူနာများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)