လေးမျက်နှာ၊ ၂၃ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အောင်မင်္ဂလာဈေးနှင့် လမ်းဆုံလမ်းခွများတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(mask) ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(mask)များ ဖြန့်ဝေရာ၌ အောင်မင်္ဂလာဈေးနှင့် လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။ အသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် အရေအတွက်၊ ဇွန်လ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူဦးရေ၊ ပြန်လည်ကောင်းမွန်သူဦးရေနှင့် သေဆုံးသူဦးရေ၊ မြို့နယ်အလိုက် မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှု၊ ကာကွယ်ဆေးထိုးနှံထားပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအား ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်းမွန်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြေညာချက်နှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် အထူးအရေးကြီးကြောင်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲများ တွေ့ရှိမှုအခြေအနေ၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများ နိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေး ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ ပါဝင်သည်။
အသိပညာပေးလှုပ်ရှားမှုတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


