လေးမျက်နှာ ၂၂ သြဂုတ်
ဟင်္သာတခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော မွေးဖွားမိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းနှစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများ မြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းချို့တဲ့သူများနှင့် ဆင်းရဲနွမ်းပါးချို့တဲ့သည့် မွေးဖွားမိခင်တို့အတွက် ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ ကလေးအနှီးပိတ်ဖြူများ ပေးအပ်လှူဒါန်းခြင်းနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ဟင်္သာတခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်ဦးဆောင်သော အဖွဲ့ဝင်များနှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကနှင့် အဖွဲ့ဝင်တို့သည် ယမန်နေ့ နံနက် ၁၁ နာရီတွင် လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော မွေးဖွားမိခင် (၁၃) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် သုံးဦးတို့အား အနှီးပိတ်ဖြူ (၁၆)ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အ.မ.က သခွါးကုန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူလေးများအတွက် ဗလာစာအုပ် (၂၆)ဒါဇင်၊ ခဲတံ (၂၆) ဒါဇင်၊ ကွန်ပါဘူး(၂၆)ဘူးနှင့် မုန့်ထုပ်များကို ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ဟင်္သာတခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီတွင် လေးမျက်နှာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ရုံးခန်းမ၌ ကိုယ်အင်္ဂါမသန်စွမ်းချို့တဲ့သူသုံးဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၃၀ဝ၀ဝ)စီဖြင့် စုစုပေါင်း ငွေကျပ် (၉၀ဝ၀ဝ)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် အ.မ.က မြစ်ကျိုးဝကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်သူဇာမြင့်က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားကာ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ် (၂၇)ဒါဇင်၊ ပုံဆွဲစာအုပ်နှင့် ရောင်စုံခဲတံ(၅၄)စုံ၊ လက်သည်းညှက် အခု(၂၀)နှင့် မုန့်ထုပ်များ ထောက်ပံ့ပေးအပ်ခြင်းအပြင် အာဟာရဒါနအဖြစ် နို့ဆန်ပြုတ်တိုက်ကြွေးခြင်းများကို ပူးပေါင်းလှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် လေးမျက်နှာမြို့ အမှတ်(၅) ရပ်ကွက်တွင်နေထိုင်သော ဆင်းရဲနွမ်းပါးချို့တဲ့သည့် မွေးမိခင်တစ်ဦးအား အနှီးပိတ်ဖြူ (၂)အုပ်နှင့် ငွေကျပ်တစ်သောင်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုး-လေးမျက်နှာ(ပြန်ဆက်)


